မန်စီးတီးနဲ့ အင်တာမီလန် ချန်ပီယံလိဂ် ဗိုလ်လု

Champions League trophy

ဥရောပချန်ပီယံလိဂ် ဖိုင်နယ်ကို ဒီနေ့ ကစားကြမှာဖြစ်ပြီး အင်္ဂလန်က မန်ချက်စတာစီးတီး (Manchester City) နဲ့ အီတလီက အင်တာမီလန် (Inter Milan) တို့ ဗိုလ်လုကြမှာ ဖြစ်ပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ပရိသတ် ၇ သောင်း ၆ ထောင် ဆန့်တဲ့ Artaturk အိုလံပစ်အားကစားကွင်းကြီးမှာ ကစားကြမှာ ဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာ (Pep Guardiola) ကတော့ ချန်ပီယံလိဂ်ဖလားရဖို့က သူတို့မန်စီးတီးတသင်းလုံးရဲ့ အိပ်မက်ဖြစ်တယ်လို့ ဖိုင်နယ်မတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ကျွမ်းကျင်သူတွေ အတော်များများကတော့ ဒီပွဲမှာ မန်စီးတီးနိုင်မယ်လို့ ခန့်မှန်းနေကြတဲ့အတွက် မန်စီးတီး ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။ ဒါပေမဲ့လည်း အင်တာအသင်းဟာ ခံစစ်ပဲကစားတဲ့ အသင်းမဟုတ်ဘဲ၊ ဘောလုံးကိုထိန်းပြီး တိုက်စစ်ကို ကောင်းကောင်းကစားနိုင်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။ ဒါပေမဲ့ သူ့အသင်းအနေနဲ့ ဖိုင်နယ်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီ အစွမ်းကုန်ကစားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အင်တာမီလန်နည်းပြ Simone Inzaghi ကတော့ မန်စီးတီးအသင်းဟာ အခုလောလောဆယ်မှာ အကောင်းဆုံးအသင်းဖြစ်ကြောင်း၊ ဒါပေမဲ့ ဖိုင်နယ်ကို ဘယ်လိုအနိုင်ကစားရမလဲ ဆိုတာသိတဲ့ ကစားသမားတွေ အင်တာမှာရှိတယ်လို့ ပြောလိုက်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကတော့ ဒီနှစ်မှာ ပြည်တွင်းက ပရီမီယာလိဂ် အမှတ်ပေးချန်ပီယံဆုရော၊ FA ရှုံးထွက်ဖလား ၂ ခုစလုံးကို ရထားတာကြောင့် ချန်ပီယံလိဂ်ကို နိုင်ရင်တော့ ၁၉၉၉ တုန်းက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းလိုမျိုး Treble လို့ခေါ်တဲ့ ဖလား ၃ လုံးရမှာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းကတော့ ဒီနှစ် စီးရီးအေမှာတော့ တတိယ ရခဲ့ပေမယ့် ၊ အီတလီရှုံးထွက်ဖလား နဲ့ စူပါဖလားတွေကို ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အင်တာမီလန်က ၁၉၆၄၊ ၆၅ နဲ့ ၂၀၁၀ မှာ ၃ ကြိမ် ဗိုလ်စွဲထားပြီး၊ မန်စီးတီးအသင်းက ၂၀၂၁ မှာ ဖိုင်နယ်တကြိမ် တက်ဖူးထားပါတယ်။

ဒီပွဲအတွက် တသင်းကို လက်မှတ် ၂ သောင်းစီရကြပြီး အခုဆိုရင် ကမာ္ဘတဝန်းက ဘောလုံးပရိသတ်တွေ အစ္စတန်ဘူလ်မြို့ကို ရောက်နေကြပြီး တချို့ပရိသတ်တွေကတော့ ဒီပွဲကိုကြည့်ရဖို့ လက်မှတ်တစောင်ကို ဒေါ်လာ ၁၈၀၀ ပေးရတယ်လို့ ပြောပါတယ်။

မန်စီးတီး နဲ့ အင်တာမီလန်ပရိသတ်တွေကတော့ ဒီပွဲမှာ သူတို့အသင်းအောင်ပွဲရဖို့ မျှော်လင့်နေကြပါတယ်။ ဆိုတော့ သောတရှင်တွေရော ဒီပွဲမှာ ဘယ်အသင်းအနိုင်ရပြီး ချန်ပီယံ ဖြစ်မယ်ထင်ပါသလဲ။