လုံခြုံရေးနဲ့ ကာကွယ်ရေး ဗြိတိန်အစိုးရသစ်ဦးစားပေး

ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer ပထမဆုံး သတင်းစာရှင်းပွဲ ပြုလုပ် (ဇူလိုင် ၆၊ ၂၀၂၄)

ဗြိတိန်အစိုးရသစ်အတွက် ပထမတာဝန်က လုံခြုံရေးနဲ့ ကာကွယ်ရေး ဖြစ်တယ်လို့ ဝန်ကြီးချုပ်သစ် Keir Starmer က ပြောကြားလိုက်ပါတယ်။ NATO စစ်ရေးမဟာမိတ်အဖွဲ့နဲ့ ယူကရိန်းအပေါ် ဆက်ပြီးထောက်ခံသွားမှာ ဖြစ်တယ်ဆိုတာကို ပထမဆုံးပြုလုပ်တဲ့ ဒီနေ့ စနေနေ့ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ဝန်ကြီးချုပ် Starmer က ပြောကြားခဲ့ပါတယ်။

NATO အဖွဲ့အတွက် အရေးကြီးတဲ့ အစည်းအဝေးပွဲ ဖြစ်သလို၊ လုံခြုံရေးနဲ့ ကာကွယ်ရေးဟာ သူ့အစိုးရအတွက် အဓိကဦးစားပေး ဖြစ်တယ်ဆိုတာကို ဝါရှင်တန်မြို့တော်မှာ ကျင်းပမယ့် NATO မဟာမိတ်အဖွဲ့ ထိပ်သီးညီလာခံမှာ အသေအချာ ပြောပြခွင့်ရနိုင်ဖို့အတွက်လည်း အရေးကြီးတယ်လို့ ဝန်ကြီးချုပ်သစ် Starmer က ပြောသွားတာပါ။ NATO အပေါ် ခိုင်ခိုင်မာမာ ထောက်ခံတယ်ဆိုတာနဲ့ ယူကရိန်းအပေါ် ဗြိတိန်က ဆက်လက်ထောက်ခံသွားမယ်ဆိုတာကိုလည်း NATO ထိပ်သီးညီလာခံမှာ ထပ်မံပြောကြားမှာ ဖြစ်တယ်လို့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် NATO ထိပ်သီးညီလာခံတက်ဖို့ ဇူလိုင် ၉ ရက် အင်္ဂါနေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မှာ ဖြစ်ပါတယ်။ ပြည်တွင်းရေးရာနဲ့ ပတ်သက်လို့တော့ အပြောင်းအလဲတွေကို မနားမနေ လုပ်သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ နိုင်ငံက ပထမ၊ ပါတီက ဒုတိယဆိုတဲ့ စိတ်ဓါတ်ထားပြီး အပြောင်းအလဲတွေ စလုပ်နေပြီလို့လည်း ဝန်ကြီးချုပ်အနေနဲ့ ပထမဆုံး ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း Keir Starmer က ပြောကြားသွားပါတယ်။

အင်္ဂလန်၊ စကော့တလန်၊ မြောက်ပိုင်းအိုင်ယာလန်၊ လေဝနယ် အားလုံးမှာ အနိုင်ရခဲ့တဲ့ Labour ပါတီအစိုးရအနေနဲ့ တနိုင်ငံလုံးက ပြည်သူ့ဘဝတွေ တိုးတက်စေဖို့လည်း ကြိုးပမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ သတင်းစာရှင်းပွဲ မလုပ်ခင် ဒီနေ့ စနေနေ့ အစောပိုင်းကတော့ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ Cabinet ဝန်ကြီးတွေနဲ့ ပထမဆုံး အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Starmer ရဲ့ Cabinet ဝန်ကြီးအဖွဲ့မှာ ဒုဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးအပါအဝင် တော်တော်များများက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

သူ့အစိုးရ ဘာတွေစွမ်းဆောင်နိုင်တယ်ဆိုတာကို ပြည်သူတွေက စောင့်ကြည့် ဆုံးဖြတ်နေမှာ ဖြစ်တယ်ဆိုတာကို သူ့ရဲ့ဝန်ကြီးတွေကို ပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ် Starmer က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဇူလိုင် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ Labour ပါတီက အမတ်နေရာ အများစုနဲ့ အပြတ်အသတ်နိုင်ပြီး ၁၄ နှစ်အတွင်း Labour အစိုးရ ပြန်တက်လာခဲ့တာပါ။

ဗြိတိန်သမိုင်းမှာ အဆိုးဆုံးအခြေအနေနဲ့ ရှုံးခဲ့တဲ့ Conservative ပါတီခေါင်းဆောင် Rishi Sunak ကလည်း သူရဲ့ စွမ်းဆောင်မှုတွေအပေါ် ပြည်သူတွေ မထောက်ခံတဲ့အပေါ် တောင်းပန်ခဲ့ပါတယ်။ ပါတီခေါင်းဆောင်သစ် ရွေးမယ့်အစီအစဉ်တွေ မချနိုင်ခင်အထိ ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိသွားမယ်လို့ ပြောကြားခဲ့ပါတယ်။