မင်းသားဝီလီယံကြင်ယာတော် သမီးတော်ဖွားမြင်

မင်းသားဝီလီယံကြင်ယာတော် သမီးတော်ဖွားမြင်

ယူကေရဲ့ ဒုတိယမြောက် အိမ်ရှေ့မင်းသား William နဲ့ ဇနီး Catherine Middleton ကနေ ဒီကနေ့ စနေ့နေ့မှာ သမီးလေး ဖွားမြင်ခဲ့ပါတယ်။

Cambridge မြို့စားကတော် Catherine ကနေ ယူကေရဲ့ စတုတ္ထမြာက် အိမ်ရှေ့စံဖြစ်မဲ့ သမီးလေးကို ၈ ပေါင် ၃ အောင်စနဲ့ မွေးဖွားခဲ့တယ်လို့ Kensington နန်းတော်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကလေးရော မိခင်ပါ ကျန်းမာကြတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မင်းသမီးလေးရဲ့ နာမည်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

မင်းသား William နဲ့ Catherine တို့ရဲ့ ပထမသားဦးလေး မင်းသား George ကို မွေးဖွားခဲ့တဲ့ လန်ဒန်မြို့တော်က St. Mary's ဆေးရုံရဲ့ Lindo ဆောင်မှာပဲ ဒုတိယသမီးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၆ နာရီမှာ မင်းသား William နဲ့အတူ Catherine ဟာ Lindo ဆောင်ကို ရောက် လာခဲ့ ပြီး မနက် ၈ နာရီ ၃၄ မိနစ်မှာ မီးဖွားခဲ့တယ်လို့ နန်းတော်က ပြောပါတယ်။

ဘုရင်မကြီး Elizabeth နဲ့၊ ကြင်ယာတော် Edinburgh မြို့စားကြီး၊ ဝေလမင်းသား Charles နဲ့ ဇနီးသည် Cornwell မြို့စားကတော်၊ မင်းသား Harry တို့အားလုံး မင်္ဂလာသတင်းအတွက် ဝမ်းမြောက်နေကြတယ်လို့ Kensington နန်းတော်ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ယူကေ ဝန်ကြီးချုပ် David Cameron ကလည်း Cambridge မြို့စားနဲ့ မြို့စားကတော်တို့ကနေ မင်းသမီးလေးမွေးဖွားတဲ့အတွက် သူတို့အစား အင်မတန်ဝမ်းသာတယ်လို့ Twitter လူမှုကွန်ယက်ပေါ်ကနေ ဖော်ပြခဲ့ပါတယ်။

အိမ်ရှေ့မင်းသား Charles ၊ မင်းသား William ၊ မင်းသား George ပြီးရင် အခုဖွားမြင်တဲ့ မင်းသမီးလေးဟာ ယူကေရဲ့ စတ္ထုထမြောက် အိမ်ရှေ့စံ ဖြစ်ပါတယ်။ Catherine Middleton မီးဖွားရက် မတိုင်ခင်ကတည်းက နိုင်ငံတကာက သတင်းထောက်တွေနဲ့ တော်ဝင်မိသားစုကို ထောက်ခံသူတွေဟာ St. Mary's ဆေးရုံရှေ့မှာ ကြိုတင် စောင့်နေခဲ့ကြပါတယ်ရှင်။