သမ္မတ အိုဘားမားနဲ့ ဗြိတိသျှ ဝန်ကြီးချုပ် အိမ်ဖြူတော်မှာ ဆွေးနွေး

လော့ကာဘီ ဗုံးဖောက်ခွဲခဲ့သူ အက်ဘ်ဒဲလ် ဘာဆက် အယ်လ်-မက်ဂရာဟီ (Abdel Baset al-Megrahi) ကို စကော့တလန်က လွှတ်ပေးလိုက်တဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (David Cameron) တို့က ရှုတ်ချလိုက်ပါတယ်။

အခုလို လစ်ဗျားနိုင်ငံက ဗုံးဖောက်ခွဲသူကို လွှတ်ပေးရာမှာ ဗြိတိန် ရေနံကုမ္ပဏီကြီး BP က ကြားဝင် စည်းရုံးပေးခဲ့သလား စုံစမ်းစစ်ဆေးဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကိုတော့ မစ္စတာ ကင်မရွန်းက ပယ်ချလိုက်ပါတယ်။

မစ္စတာ ကင်မရွန်းဟာ အိမ်ဖြူတော်ကို ပထမဆုံး ခရီးစဉ်အဖြစ် အင်္ဂါနေ့မှာ သွားရောက် လည်ပတ်ခဲ့ပါတယ်။

အယ်လ်-မက်ဂရာဟီကို လွှတ်ဖို့ ဆုံးဖြတ်တာဟာ စကော့တလန်ကပဲ လုံးလုံး ဆုံးဖြတ်တာဖြစ်ပြီး ဗြိတိန်အစိုးရ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ပြောပါတယ်။

အယ်လ်-မက်ဂရာဟီဟာ ဗြိတိန်နိုင်ငံရဲ့ သမိုင်းမှာ အကြီးမားဆုံး လူအစုလိုက် သတ်မှုကို နောက်ကနေ ကျူးလွန်ခဲ့တာကြောင့် သူ့ကို ထောင်ထဲက ထုတ်ပေးဖို့ အကြောင်းမရှိပါဘူးလို့ သူက ပြောပါတယ်။

မက်ဂရာဟီကို ထောင်ကထုတ်ပြီး လစ်ဗျားက အိမ်ကို ပြန်ပို့ပေးဖို့ BP က ကြားဝင် စည်းရုံးပေးခဲ့တယ်လို့ တချို့ အမေရိကန် အထက်လွှတ်တော် အမတ်တွေက စွပ်စွဲကြပါတယ်။

မက္ကဆီကို ပင်လယ်ကွေ့ထဲမှာ BP ရေနံကုမ္ပဏီ ရေနံတွင်းကနေ ရေနံယိုဖိတ်ခဲ့တဲ့အတွက် အမေရိကန်တွေက ဒေါသထွက်နေကြတာကို သူနားလည်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ခေါင်းဆောင် ၂ ယောက်က အာဖဂန်နစ္စတန် အကြောင်းလည်း ဆွေးနွေးကြပါတယ်။ လက်ရှိ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ မဟာဗျူဟာက တာလီဘန်တွေရဲ့ လှုပ်ရှားမှု အရှိန်ကို ချိုးပစ်နိုင်လိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။