ရုရှားနိုင်ငံ အနောက်ပိုင်းဒေသတွေမှာ ဒီကနေ့ ယူကရိန်းက ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၁၀၀ ကျော်ကို လေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံမှာ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ထိမှန်ရာက လူ ၁၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ရုရှားရဲ့ ဒေသ ၇ ခုမှာ ညဘက်ပစ်ခတ်ခဲ့တဲ့ ယူကရိန်းဒရုန်း ၁၁၀ ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားနယ်စပ်ဒေသတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်ခံရမှုအတွင်း Kursk ဒေသမှာ ဒရုန်း ၄၃ ခုကို ပစ်ချခဲ့တယ်လို့လည်း ပြောပါတယ်။
Nizhny Novgorod ဒေသ Dzerzhinsk မြို့က လက်နက်စက်ရုံအနီး လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း အင်တာနက် လူမှုကွန်ရက်တွေမှာ တွေ့ခဲ့ကြရတာပါ။ စက်မှုဇုံနယ်မြေ တိုက်ခိုက်ခံရမှုကို ကာကွယ်ရာက တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံအုပ်ချုပ်ရေးမှူး Gleb Nikitin က ပြောခဲ့ပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်ခဲ့ပြီးနောက် ၂ နှစ်ခွဲလောက်ကြာ ကာလအတွင်း အခုလို ဒရုန်းအများအပြားနဲ့ ယူကရိန်းက တိုက်ခိုက်မှုမျိုးကတော့ သိပ်မရှိခဲ့ဖူးပါဘူး။ တချိန်တည်းမှာပဲ ယူကရိန်းနိုင်ငံ Kryvyi Rih မြို့မှာ ရုရှားရဲ့ ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၂ ခု ထိမှန်ရာက လူ ၁၇ ယောက် ဒဏ်ရာရခဲ့ပြီး၊ နေအိမ်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Oleksandr Vilkul က ပြောပါတယ်။