ယူကရိန်းအရှေ့ပိုင်းမှာ အပစ်ရပ်ဖို့ ရုရှားနဲ့ သဘောတူညီမှုရရှိ

ယူကရိန်းအရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပစ်အခတ်ရပ်ဖို့ ယူကရိန်းသမ္မတ Petro Poroshenko နဲ့ ရုရှားသမ္မတ Vladimir Putin တို့ကြား သဘောတူညီမှု ရခဲ့ပြီလို့ ယူကရိန်း သမ္မတရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ ဒေသတွင်း တိုက်ပွဲတွေကတော့ ချက်ချင်း ရပ်စဲသွားနိုင်တဲ့ အနေအထားမျိုး မတွေ့ရသေးပါဘူး။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ယူကရိန်းသမ္မတရုံးရဲ့ ကြေညာချက်ထဲမှာ တယ်လီဖုန်းနဲ့ ဆွေးနွေးမှုအတွင်း နှစ်နိုင်ငံခေါင်းဆောင် တွေဟာ ရေရှည် အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု ရခဲ့တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးထူထောင်ဖို့ နှစ်ဘက်သဘောတူညီမှု ရခဲ့တဲ့အကြောင်း ယူကရိန်းသမ္မတရုံးက ကြေညာချက်ကို ပြင်ဆင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်နဲ့ ပတ်သတ်လို့ အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

အခုလပိုင်းတွေအတွင်း ယူကရိန်းအရှေ့ဘက်မှာ ယူကရိန်းတပ်ဖွဲ့တွေနဲ့ ရုရှားလိုလားတဲ့ သူပုန်တွေကြား တဘက်နဲ့ တဘက် အပြင်းအထန် တိုက်ခိုက်ခဲ့ကြတာပါ။ ရုရှားဘက်က ထုတ်ပြန်တဲ့ သီးခြား ကြေညာချက်တခုမှာတော့ သမ္မတ ပူတင်နဲ့ ပိုရိုရှန်းကိုး တို့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သတ်ပြီး သဘောတူညီမှု မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ ယူကရိန်းပဋိပက္ခတွေမှာ ရုရှားဟာ ပါဝင်ပတ်သတ်မှု မရှိပေမဲ့ ဒီပဋိပက္ခတွေအတွက် အဖြေရှာဖို့ သမ္မတနှစ်ဦး ဆွေးနွေးနေတယ် ဆိုပြီးတော့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Donetsk နဲ့ Luhanks ဒေသတွင်ပါဝင်တဲ့ Donbas နယ်မြေမှာ ယူကရိန်းအစိုးရတပ်တွေ ရှိနေသေးသမျှ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ဖို့ အခြေအနေ မရှိသေးဘူးလို့ Donetsk ပြည်သူ့သမ္မတနိုင်ငံလို့ ကိုယ့်ဘာသာ အမည်ပေးထားတဲ့အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Vladislav Brig က ပြောဆိုတယ်ဆိုပြီး ရုရှားသတင်းဌာနတခုဖြစ်တဲ့ RIA က ကိုးကားဖော်ပြပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သတ်ပြီး တုံ့ပြန်ပြောဆိုဖို့ စောလွန်းသေးတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောပါတယ်။

အစောပိုင်းတုန်းကတော့ ယူကရိန်း အရှေ့တောင်ပိုင်းက သွေးမြေကျ သတ်ဖြတ်မှုတွေရပ်စဲအောင် မစ္စတာပူတင်နဲ့ မစ္စတာ ပိုရိုရှန်းကိုး တို့ တယ်လီဖုန်းကနေတဆင့် အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်လို့ ရုရှားသမ္မတ ပြောခွင့်ရက ပြောပါတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ရပ်စဲနိုင်အောင် အဖြေရှာဖို့ လမ်းကြောင်းတွေနဲ့ ပတ်သတ်ပြီးတော့လည်း သမ္မတနှစ်ဦး သဘောတူခဲ့ကြတဲ့အကြောင်း ရုရှားသမ္မတပြောခွင့်ရ Dmitry Kes kov က ပြောဆိုပါတယ်။