ယူကရိန်း အကြမ်းဖက်မှု နောက်ထပ် ၂၂ ဦးသေဆုံး

ယူကရိန်းဆန္ဒပြပွဲ အကြမ်းဖက်(ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄)

ယူကရိန်းနိုင်ငံမှာ အစိုးရဆန့်ကျင်သူဆန္ဒပြသူတွေနဲ့ ရဲတွေကြား ထပ်ဖြစ်တဲ့ ပဋိပက္ခကြောင့် ၁၇ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အတိုက်အခံ ခေါင်းဆောင်တွေ နဲ့ ပြေငြိမ်းမှု ရခဲ့ပြီလို့ သမ္မတ Viktor Yanukovych ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ခုလို ထပ်ဖြစ်တာဖြစ်ပါတယ်၊ သေဆုံးတချို့ဟာ အစိုးရလက်ဖြောင့်တပ်သားတွေရဲ့ လက်ချက်ကြောင့်ဖြစ်တယ်ဆိုတဲ့ သတင်းတွေလဲထွက်ပေါ်နေပါတယ်။

တချိန်တည်းမှာပဲ ရဲအရာရှိ ၃ ယောက်သေဆုံး သွားတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်၊ ဒီကနေ့ ကြာသပတေးနေ့မှာ ရဲတပ်ဖွဲ့ဝင် အယောက် ၅၀ ဆေးရုံတင်ခဲ့ရပြီး အဲဒီထဲက ၃၀ က သေနတ် ဒဏ်ရာတွေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်၊ ပြည်သူတွေ ပိုင်ဆိုင်မှုတွေကို အကာအကွယ်ပေးဖို့နဲ့ မိမိကိုယ်ကို ကာကွယ်ဖို့အတွက ်ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရေးသုံး လက်နက်တွေ ကိုင်ဆောင်ခွင့်ပေးလိုက်ပြီလို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဆန္ဒပြသူတွေကြားက အစွန်းရောက် သမားတွေအနေနဲ့ လက်နက်တွေကို ရဲလက်အပ်ကြဖို့နဲ့ အတိုက်အခံခေါင်းဆောင်တွေကိုလဲ အစွန်းရောက်သူတွေနဲ့ ကွဲပြားတယ်ဆိုတာ ပြသဖို့ ပြည်ထဲရေးဝန်ကြီး ကပြောကြားခဲ့ပါတယ်၊ ယူကရိန်းမှာဖြစ်နေတဲ့ ပြဿနာကိစ္စ EU ဥရောပသမဂ္ဂအဖွဲ့ဝင် ဂျာမနီ၊ ပိုလန်နဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ၃ ယောက်နဲ့ ယူကရိန်းသမ္မတ တို့ ဆွေးနွေးကြတဲ့ ဒီကနေ့မှာပဲ နောက်ထပ် အကြမ်းဖက်မှုတွေ ဖြစ်နေတာပါ။

ဒီနေ့နောက်ပိုင်းကျရင်တော့ Belgium နိုင်ငံ Brussels မြို့တော်မှာ EU အရေးပေါ်ဆွေးနွေးပွဲရှိပြီး ယူကရိန်းမှာ မငြိမ်မသက်ဖြစ်အောင် လုပ်နေသူတွေအပေါ် အရေးယူပိတ်ဆို့နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်၊ အင်္ဂါနေ့တုန်းကလဲ Kyiv မြို့တော်ထဲက သပိတ်စခန်းတွေကို အထိကရုန်းနှိမ်နှင်းရေးရဲတွေ ဖြိုခွင်းခဲ့စဉ် ၂၈ ယောက် သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။