ရုရှားအနောက်ပိုင်း Kursk ဒေသ အဓိက မြစ်ကူးတံတား ယူကရိန်းဖျက်ဆီး

ယူကရိန်းတပ်ဖွဲ့တွေက ဖျက်ဆီးလိုက်တဲ့ ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသက မြစ်ကူးတံတား

ရုရှားနိုင်ငံအနောက်ပိုင်း Kursk ဒေသက အဓိကကျတဲ့ တံတားတခုနဲ့ အနီးအနားမှာရှိတဲ့ နောက်ထပ်တံတားတခုတို့ကို ယူကရိန်းတပ်ဖွဲ့တွေက ဖျက်ဆီးလိုက်ပါတယ်။ ရုရှားပိုင်နက်ထဲ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ခဲ့တာ သီတင်း ၂ ပတ် နီးပါးကြာ ရှိနေပြီဖြစ်တဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့ ထောက်ပို့လမ်းကြောင်းတွေကို တားဆီးဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဖျက်ဆီးခဲ့ပုံရပါတယ်။

ယူကရိန်း လေတပ်ဦးစီးချုပ်နဲ့ ရုရှားဒေသန္တရ အုပ်ချုပ်ရေးမှူးတို့ကလည်း Seim မြစ်ပေါ်က တံတားကို ယူကရိန်းတပ်ဖွဲ့တွေ ဖျက်ဆီးခဲ့ကြောင်း ဒီကနေ့ပဲ အတည်ပြုခဲ့ကြတာပါ။ Zvannoe ရွာအနီး နောက်ထပ် မြစ်ကူးတံတား တခုကိုလည်း တိုက်ခိုက်ခဲ့ကြောင်း ရုရှားအစိုးရက Telegram လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်လောက်ကလည်း ယူကရိန်းလေတပ်က Glushkovo မြို့အနီးမှာရှိတဲ့ တံတားတခုကို တိုက်ခိုက်ခဲ့တာပါ။ Kursk ဒေသမှာ ဆက်လက် တပ်စွဲထားမထား ဆိုတဲ့အပေါ် ယူကရိန်းအစိုးရက နှုတ်ဆိတ်နေပါတယ်။ အဓိကတံတားတွေ ဖျက်ဆီးခံရတာကြောင့် ရုရှားတပ်တွေအတွက် ထောက်ပို့လုပ်ငန်းတွေ ထိခိုက်နိုင်ပေမဲ့ ယာယီတံတားတွေ၊ တခြားမြစ်ကူးတံတားငယ်တွေကို အသုံးပြုနိုင်တဲ့ အလားအလာတွေလည်း ရှိနေပါတယ်။