ရုရှားရွေးကောက်ပွဲ နောက်ဆုံးနေ့မှာ ဒရုန်း တိုက်ခိုက်မှုတွေ ယူကရိန်းတိုးမြှင့်

ယူကရိန်းစစ်သားများ ဒရုန်းပစ်လွှတ်နေ (Photo by Genya SAVILOV / AFP)

ရုရှားနိုင်ငံမှာ သမ္မတ Vladimir Putin နောက်ထပ် ၆ နှစ် အာဏာရမယ့် သမ္မတရွေးကောက်ပွဲ နောက်ဆုံးနေ့ ဒီကနေ့ မှာ ယူကရိန်းဘက်က ပစ်လွှတ်တဲ့ အစုလိုက်အပြုံလိုက် ဒရုန်းအမြောက်အများနဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း မော်စကိုဒေသတဝိုက်ရောက်လာတဲ့ ဒရုန်းငါးစင်းအပါအဝင် စုစုပေါင်း ၃၅ စင်းကို ဒီကနေ့အစောပိုင်းမှာ ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်းရဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ အသေအေပျောက်၊ အပျက်အစီးမရှိဘူးလို့ မော်စကိုမြို့တော်ဝန် Sergei Sobyanin က ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ မော်စကို တောင်ဘက် Kaluga နဲ့ အရှေ့မြောက်ဘက်က Yaroslavl မှာ နောက်ထပ် ဒရုန်းနှစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် သုံးနှစ်ပြည့်လာချိန် ရှေ့တန်းတလျှောက်မှာ ရုရှားဘက်က တပ်အင်အားတွေ ပိုမိုတိုးမြင့်လာသလို ယူကရိန်းဘက်ကတော့ ရုရှားနိုင်ငံထဲ အပါအဝင် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက် တုံ့ပြန်ခဲ့ပါတယ်။