ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ ယူကရိန်းသတ်မှတ်

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေကို သူတို့ပစ်ချလိုက်တဲ့ ယူကရိန်းစစ်လေယာဉ်ဘေးမှာ တွေ့ရစဉ်။ (ဂျွန် ၁၄၊ ၂၀၁၄)

ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားတွေကြောင့် စစ်လေယာဉ်တစင်း ပျက်ကျပြီး လေယာဉ်ပေါ်မှာပါတဲ့ လူပေါင်း ၄၉ ယောက် သေဆုံးခဲ့ရပြီးတဲ့နောက် ဒီနေ့ တနင်္ဂနွေနေ့ကို Ukraine နိုင်ငံ တမျိုးသားလုံးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် သမ္မတ Petro Poroshenko က ကြေညာလိုက်ပါတယ်။
ဒီကိစ္စအတွက်တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးမယ်လို့လည်း အဲဒီ ကြေညာချက်မှာ သမ္မတက ကတိပေးခဲ့ပါတယ်။ ဒီလုပ်ရပ်ကိုကျူးလွန်သူတွေအတွက် သူတို့နဲ့ ထိုက်တန်တဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရစေမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အဲဒီကြေညာချက်ထုတ်ပြန်အပြီး Kyiv မြို့က Russia သံရုံးကို လူအုပ်ကြီးက ကြက်ဥတွေ၊ ကျောက်ခဲတွေနဲ့ ဝိုင်းပြီး ပစ်ပေါက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်အတွက်သံရုံးရှေ့က ယူကရိန်းရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပြီး ဒါဟာ ယူကရိန်းနိုင်ငံအနေနဲ့ နိုင်ငံတကာ လိုက်နာရမယ့်တာဝန်ကို ပျက်ကွက်တာဖြစ်တယ်လို့ ရုရှားတာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

စနေနေ့အစောပိုင်းက Luhansk လေဆိပ်မှာ ယူကရိန်း လေတပ်လေယာဉ် Llyushin 76 အမျိုးအစား လေယာဉ်ဆင်းသက်ခါနီးမှာ ခွဲထွက်ရေးသမားတွေက လက်နက်ကြီးနဲ့ ပစ်ချခဲ့တဲ့အတွက် လူ ၄၉ ယောက်သေဆုံးခဲ့ရတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ ပါတယ်။ ဒီနေ့တနင်္ဂနွေနေ့မှာပဲ ယူကရိန်းနဲ့ ရုရှားကြား အငြင်းပွားနေတဲ့ သဘာဝဓါတ်ငွေ့ကိစ္စအတွက် နှစ်ဖက် ဒုတိယအကြိမ် တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။

စွမ်းအင်အကြီးအကဲ Guenter Oettinger (ဝဲ-တတိယ) နဲ့ ယူကရိန်း ဝန်ကြီးချုပ် Arseniy Yatsenyuk (ယာ)


ယူကရိန်းကိုရောင်းထားတဲ့ ရုရှားပိုင် Gazpromရဲ့ နောက်ဆုံးတစ်ခေါက် သဘာဝဓါတ်ငွေ့ဖိုးကို မပေးနိုင်ရင် လာမယ့်တနင်္လာနေ့မှာ ယူကရိန်းကို သဘာဓါတ်ငွေ့ ရောင်းချမှု ဖြတ်တောက်မယ်လို့ ရုရှားက ခြိမ်းခြောက်ထားပါတယ်။