သူပုန်တွေ သဘောတူညီချက် ချိုုးဖောက်ဟု ယူကရိန်းသမ္မတပြောဆို

ယူကရိန်းသမ္မတ Petro Poroshenko ။ (ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄)

ယူကရိန်းအရှေ့ပိုင်းက မဟာဗျူဟာ အချက်အခြာကျတဲ့ မြို့ကို ရုရှားလိုလားတဲ့ သူပုန်တွေက သိမ်းပိုက်ခဲ့တာဟာ နိုင်ငံတကာ သတ်မှတ်ထားတဲ့ အပစ်အခတ် ရပ်စဲရေးကို ချိုးဖေါက်တာလို့ ယူကရိန်းသမ္မတက ပြောကြားလိုက်ပြီး နောင်ဒါမျိုး ချိုးဖေါက်မှုတွေ အတွက်ဘယ်လို အာမခံချက်မျိုးတွေ ချမှတ်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း ချပြဖို့ တောင်းဆိုလိုက်ပါတယ်။ ယူကရိန်းသမ္မတ ပေထရို ပိုရိုရှန်ကို (Petro Poroshenko) က ရုရှား၊ ဂျာမဏီနဲ့ ပြင်သစ် ခေါင်းဆောင်တွေကို ကြာသပတေးနေ့က တယ်လီဖုံးနဲ့ ဆက်သွယ်ပြီး ပြောကြားခဲ့တယ်လို့ သမ္မတရုံး က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ယူကရိန်းအစိုးရက ခွဲထွက်ရေးသမားတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ Luhansk နဲ့Donetsk ဒေသတွေကို ဆက်သွယ်ထားတဲ့ မဟာဗျူဟာကျတဲ့ ရထားလမ်းဆုံရှိရာ Debaltseve မြို့ကနေ ထောင်နဲ့ချီတဲ့ ယူကရိန်းတပ်တွေကို ပြန်ဆုတ်ဖို့ ဗုဒ္ဓဟူးနေ့မှာ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ ဒီ Debaltseve ဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ သဘောတူခဲ့တဲ့ တနင်္ဂနွေနေ့က စတင်သက်ရောက်တဲ့ Minsk အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို ထိခိုက်မှု မရှိသယောင် ဟန်ဆောင် မနေကြဖို့ ယူကရိန်းသမ္မတက ရုရှား ဂျာမဏီ နဲ့ ပြင်သစ်ခေါင်းဆောင်တွေ ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေ ဖမ်းဆီးထားတဲ့ ယူကရိန်း စစ်သားအားလုံးကို ပြန်လွှတ်ပေးဖို့ကို လည်း တောင်းဆို လိုက်ပါတယ်။ ရာနဲ့ချီတဲ့ ယူကရိန်းစစ်သားတွေဟာ ဒီမြို့ကနေ ပြန်လည် ဆုတ်ခွါစဉ်မှာ သူပုန်တွေရဲ့ ဖမ်းဆီးမှုကို ခံရမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီဒေသတွင်း တည်ငြိမ်မှု ပြန်ရစေဖို့ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်း တပ်သားတွေ ချ ထားပေးဖို့လည်း မစ္စတာ ပိုရိုရှန်ကိုက တောင်းဆိုလိုက်ပါတယ်။ ဒီပြောကြားချက်ကို ကြာသပတေးနေ့မှာပဲ ရုရှားခေါင်းဆောင်တွေကရော သူပုန်တွေကပါ ပယ်ချခဲ့တာပါ။