ရုရှားပေါ် ပိတ်ဆို့မှုသစ် EU ချမှတ်နိုင်

EU ကောင်စီ ဥက္ကဋ္ဌ Herman Van Rompuy (ယာ) နဲ့ ယူကရိန်းသမ္မတ Petro Poroshenko (ဝဲ) သြဂုတ် ၃၀၊ ၂၀၁၄)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို Russia က နောက်ပြန်လှည့်လို့ မရတဲ့ အခြေအနေဖြစ်အောင်တွန်းပို့နေတယ်လို့ EU
ထိပ်တန်း တာဝန်ရှိသူတယောက်က ပြောပြီး Russia အစိုးရသဘောပေါက်အောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုသစ်တွေ EU ကချမှတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

EU ထိပ်သီးစည်းဝေးပွဲတွေကျင်းပနေတဲ့ Belgium နိုင်ငံ Brussels မြို့တော်မှာ EU ကော်မရှင်အကြီးအကဲ Jose Manuel Barroso က ယူကရိန်းသမ္မတ Petro Poroshenko နဲ့အတူ ပြောကြားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနဲ့ Russia နယ်စပ်နားမှာ Russia လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေက Russia တပ်ဖွဲ့ဝင်တွေ လက်နက်တွေအထောက်အပံ့နဲ့ ဆက်လက် တိုက်ခိုက်နေချိန်မှာ EU က အရေးယူဒဏ်ခတ်မှုသစ်တွေလုပ်မဲ့ကိစ္စကို ပြောကြားခဲ့တာပါ။

ယူကရိန်းသမ္မတ Poroshenko ကလည်း လနဲ့ချီကြာနေပြီဖြစ်တဲ့ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အလားအလာဟာ Russia အစိုးရရဲ့ လုပ်ရပ်တွေကြောင့် ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Russia ရဲ့ တပ်တွေ စစ်လက်နက်ပစ္စည်းတွေယူကရိန်းထဲမှာရှိနေတယ်ဆိုတဲ့ သက်သေတွေထွက်ပေါ်နေပေမဲ့ တပ်တွေကို ယူကရိန်းကို မလွှတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်နေပါတယ်။