ရုရှားအဆင့်မြင့် တိုက်လေယာဉ်ကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း သတင်းထုတ်ပြန်

Sukhoi Su-57 ရုရှား တိုက်လေယာဉ်

ရုရှားရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် တိုက်လေယာဉ် Sukhoi Su-57 တစင်းကို ရုရှားနိုင်ငံအတွင်းပိုင်းမှာ ယူကရိန်းတပ်ဖွဲ့တွေ ထိအောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ကောင်းကင်ဂြိုဟ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံ အထောက်အထားတွေနဲ့အတူ ယူကရိန်း စစ်ထောက်လှမ်းရေးဌာနက အတည်ပြုပြောဆိုလိုက်ပါတယ်။

ရုရှားတိုက်လေယာဉ်ကို ဘာနဲ့တိုက်ခိုက်ခဲ့တယ်၊ ဘယ်တပ်ဖွဲ့က တိုက်ခိုက်တယ် ဆိုတာကိုတော့ ယူကရိန်း စစ်ထောက်လှမ်းရေးရဲ့ Telegram လူမှုကွန်ရက်က ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ Fighterbomber လို့ သူ့ကိုယ်သူ အမည်ပေးထားပြီး၊ လူသိများတဲ့ ရုရှားနိုင်ငံသား စစ်လိုလားသူ ဘလော့ဂါကတော့ Su-57 တိုက်ခိုက်ခံရတဲ့ သတင်းမှန်ကန်ကြောင်းနဲ့ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့လည်း ပြောပါတယ်။

ယူကရိန်း စစ်ထောက်လှမ်းရေး ဌာနကတော့ ရုရှားတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံထဲက ရှေ့တန်းစစ်မျက်နှာနဲ့ ၃၆၆ မိုင်လောက် အကွာမှာရှိတဲ့ Akhtubinsk လေယာဉ်ကွင်းမှာ ရပ်ထားစဉ် ရုရှားတိုက်လေယာဉ် တိုက်ခိုက်ခံရတာလို့ ပြောပါတယ်။ ဇွန်လ ၇ ရက်နေ့က Su-57 တိုက်လေယာဉ် အကောင်းပကတိ ရပ်ထားတဲ့ပုံနဲ့ နောက်တရက်မှာ လေယာဉ်အနီး ပေါက်ကွဲမှုကြောင့် ချိုင့်ခွက်ကြီး ဖြစ်နေတဲ့ ပုံတွေကိုလည်း ယူကရိန်း စစ်ထောက်လှမ်းရေးက Telegram လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။