ယူကရိန်းနိုင်ငံရဲ့ကာကွယ်ရေးအစီအစဉ်တွေအတွက် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဌာနက ပြောလိုက်ပါတယ်။ ဒီငွေတွေကို လူ့အသက် တိုက်ရိုက်ထိခိုက် ဆုံးရှုံး စေနိုင်တဲ့ အနေအထားမျိုးတွေမှာမဟုတ်တဲ့ စစ်သင်တန်းတွေ၊ အကြံပေးအဖွဲ့နဲ့ တပ်ဖွဲ့ဝင်တွေအသုံးပြုရမယ့် စစ်ဖက်အသုံးအဆောင်တွေ ဝယ်ယူရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ပန်တဂွန်က သောကြာနေ့မှာ ကြေညာခဲ့တာပါ။
ဘယ်အချိန်မှာ အကူအညီတွေ ပေးသွားမယ်ဆိုတာကိုတော့ နောက်ပိုင်းမှာ ဆုံးဖြတ်မယ်လို့လည်း ပန်တဂွန်ကပြောပါတယ်။ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်စလို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာသုံးစွဲဖို့ ယူကရိန်းနိုင်ငံကို အမေရိကန်က စုစုပေါင်း ဒေါ်လာ သန်း ၁,၀၀၀ ကျော် ထောက်ပံ့ပေးထားပြီးပါပြီ။
ယူကရိန်းအစိုးရကလည်း သူ့ရဲ့ တပ်ဖွဲ့အနေနဲ့ NATO မြောက်အတ္တလန်တစ် စစ်စာချုုပ်အဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ဖို့လည်း ကြိုးစားနေတာပါ။ အမေရိကန်တွေအနေနဲ့ အခုလို အကူအညီတွေ ပေးအပ်နေတာ ကြောင့် ယူကရိန်းနိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်မယ့် စွမ်းရည်တိုးလာလိမ့်မယ် ဆိုပြီးတော့လည်း ပန်တဂွန်ကပြောပါတယ်။
ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့က အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ရဲ့ထပ်သီးဆွေးနွေးပွဲအပေါ် အကြီးအကျယ် ဝေဖန်မှုနေကြချိန်မှာပဲ အမေရိကန် ကာကွယ်ရေးဌာနရဲ့ယူကရိန်းအပေါ် အကူအညီပေးရေး အစီအစဉ် ထွက်ပေါ်လာတာပါ။
Your browser doesn’t support HTML5