ရုရှား လေတပ်စခန်းနဲ့ ဆီသိုလှောင်ကန်တွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တာမှာ မီးလောင်သွားခဲ့ကြောင်း ယူကရိန်းက ဒီကနေ့ ပြောလိုက်ပါတယ်။
ရုရှားရဲ့ Morozovsk လေတပ်စခန်းနဲ့ ရုရှားဒေသ (၃) ခုက လောင်စာဆီ သိုလှောင်ကန်ကြီးတချိုကို မနေ့ညပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်လိုက်တာပါ။
လေတပ်စခန်း တိုက်ခိုက်မှုထဲမှာတော့ လေကြောင်းပဲ့ထိန်းဗုံးကြီးတွေ အပါအဝင် တခြားလက်နက်ပစ္စည်းတွေထားတဲ့ လက်နက်သိုလှောင်ရုံကြီး တစ်ခုကိုပါ ထိမှန်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း သမ္မတ Volodymyr Zelenskiy ကလည်း၊ ပြီးခဲ့တဲ့အပတ် ရုရှားရဲ့ လေကြောင်းပဲထိန်းဒုံး အစီး ၆၀၀ ကျော်နဲ့ ယူကရိန်းကို တိုက်ခိုက်ခဲ့အပြီး၊ ထိရောက်တဲ့ နည်းအားလုံးသုံးပြီး ရုရှားလေကြောင်းစခန်းတွေကို ဖျက်ဆီးပစ်မှရမယ်။ ဒါက တကယ့်ကို တရားမျှတတယ်၊ မိတ်ဖက်တွေနဲ့အတူ အခုလို လုံခြုံရေး ပူးပေါင်းဖြေရှင်းတာမျိုး လိုအပ်နေတာပါလို့ Telegram က ပြောခဲ့ပါတယ်။
Belgorod, Kursk နဲ့ Rostov ဒေသက ဆီကန်တွေကို တိုက်ခိုက်မှုထဲ အနည်းဆုံး ဆီကန် ၂ ခု မီးလောင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ခဲ့သလို၊ ရုရှား ဒေသခံအရာရှိတွေကလည်း Rostov က Kamensky ခရိုင်မှာ ယူကရိန်း ဒရုန်းကြောင့် ဆီကန်တွေ မီးလောင်ခဲ့တယ်လို့ ထုတ်ပြောထားပါတယ်။
ယူကရိန်းအနေနဲ့ တာဝေးပစ် လေကြောင်းလက်နက်တွေကို အသုံးပြုခွင့်ပေးဖို့ အနောက်နိုင်ငံမိတ်ဖက်တွေကို တောင်းဆိုလာခဲ့အပြီး အခုလို အရေးပါတဲ့ အဝေးကပစ်မှတ်တွေကို တိုးချဲ့တိုက်ခိုက်လာနေတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောနေကြပါတယ်။