ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီဖို့ ကုလသမဂ္ဂက အလှူရှင်နိုင်ငံတွေကို ရန်ပုံငွေ ဒေါ်လာသန်း ၉၂၀ တောင်းခံ

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစု (ဓာတ်ပုံ-ကုလသမဂ္ဂ)

အခု ၂၀၁၉ ခုနှစ်အတွင်း ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ကုလသမဂ္ဂက အလှူရှင်နိုင်ငံတွေကို ရန်ပုံငွေ ဒေါ်လာသန်း ၉၂၀ တောင်းခံလိုက်ပါတယ်။ Bangladesh ဘက်မှာရောက်နေတဲ့ ရိုဟင်ဂျာ ၉ သိန်းကျော်နဲ့ သူတို့ကိုလက်ခံထားရတဲ့အတွက် အကြပ်အတည်းကြုံရတဲ့ ဒေသခံ ၃ သိန်းကျော်အတွက် လူသားချင်းစာနာတဲ့အထောက်အပံ့တွေပေးနိုင်ဖို့ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ နိုင်ငံတကာ ရွှေ့ပြောင်းသူများအကူအညီပေးရေးအဖွဲ့ IOM တု့ိပူးပေါင်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။

တောင်းခံထားတဲ့ ဒေါ်လာသန်း ၉၂၀ ထဲက ထက်ဝက်ကျော်က မဖြစ်မနေလိုအပ်တဲ့ အစားအစာ၊ သောက်သုံးရေ၊ မိလ္လာနဲ့ နေစရာတို့အတွက်ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အကူအညီအလွန်အမင်းလိုအပ်နေသူတွေကို ဆက်ပြီးကူညီနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပံ့ကြပါလို့ IOM ညွှန်ကြားရေးမှူးချုပ် António Vitorino တိုက်တွန်းပါတယ်။ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကလည်း လူသားချင်း စာနာစရာ အရေးပေါ်အခြေအနေတွေကို ဖြေရှင်းတဲ့တချိန်တည်းမှာ ခုလိုပြဿနာတွေဖြစ်စေတဲ့ အရင်းခံအကြောင်းတွေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရကို ထပ်မံတောင်းဆိုတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းသိက္ခာရှိစွာ ပြန်နိုင်ကြရေးအတွက် ဒေသတွင်းနိုင်ငံတွေသာမက ကမ္ဘာ့နိုင်ငံတွေက Bangladesh နဲ့ မြန်မာနိုင်ငံတို့ကို ကူညီပံ့ပိုးကြဖို့လည်း သူက တိုက်တွန်းပါတယ်။ ရိုဟင်ဂျာအရေးပူးပေါင်း ဖြေရှင်းဖို့ ကုလသမဂ္ဂက ၂၀၁၈ ခုနှစ်က ရန်ပုံတွေ ဒေါ်လာ သန်း ၉၅၀ တောင်းခံခဲ့တဲ့ထဲက ၇၀% လောက်ဖြစ်တဲ့ ဒေါ်လာ ၆၅၅ သန်းရရှိခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်တွေကိုကူညီဖို့ ကုလသမဂ္ဂက အလှူရှင်နိုင်ငံတွေကို ရန်ပုံငွေ ဒေါ်လာသန်း ၉၂၀ တောင်းခံ