တရုတ်နိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းထဲမှာ တဖြည်းဖြည်းချင်း လွှမ်းမိုး နေရာယူလာနေတယ်လို့ အနောက်နိုင်ငံတွေက သံတမန်တွေကို ကိုးကားပြီး AFP သတင်းတပုဒ်မှာ ရေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂကို အစဉ်တစိုက်ပေးလာတဲ့ ရန်ပုံငွေကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က လျှော့ချထား ချိန်မှာ တရုတ်နိုင်ငံကတော့ “ကြီးမားတဲ့ပမဏာနဲ့ ရန်ပုံငွေ တိုးပေးနေတယ်” လို့ သံတမန်တဦးက ပြောပါတယ်။
ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့မှာ တရုတ်တပ်ဖွဲ့ဝင် ၂,၅၀၀ ကျော်ရှိပြီး လစ်ဗျား၊ မာလီ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံနဲ့ တောင်ဆူဒန်ဒေသတွေက ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေပါတယ်။
အဲဒီလို ရန်ပုံငွေ တိုးပေးတာတွေ၊ ကုလသမဂ္ဂလုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်တာတွေကနေ တရုတ်နိုင်ငံအတွက် သြဇာ အရှိန်အဝါတချို့ရလာပြီး ကုလသမဂ္ဂထိပ်ပိုင်းရာထူးတွေမှာ သူတို့လူတွေကိုခန့်ထားဖို့ တွန်းအားပေးတာတွေလည်း ရှိလာပါတယ်။
အာဖရိကဒေသနဲ့ ကမ္ဘာ့တခြားနေရာတွေမှာ စီးပွားရေးတိုးချဲ့ လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံဟာ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ် အတွင်း နိုင်ငံတကာ အဓိက အကျပ်အတည်းကြီးနှစ်ခုမှာ အဓိကပါဝင်လုပ်ဆောင်သူ ဖြစ်လာပါတယ်။ အဲဒီကိစ္စတွေကတော့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွေပါ။
ရခိုင်ပြည်နယ်အရေးဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်တယ်လို့ တရုတ်က သတ်မှတ် ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူလုပ်ဆောင်မယ့် ဆုံးဖြတ်ချက်တွေကို အောင်အောင်မြင်မြင် တားဆီးခဲ့ပါတယ်။
မြောက်ကိုရီးယားအရေးမှာလည်း အမေရိကန်ကဖိအားပေးတာကြောင့် ဒဏ်ခတ်အရေးယူမှုတွေကို တရုတ်က ချမှတ်ထားပေမဲ့ လည်း ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းသွားရင် တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၃၀,၀၀၀ လောက် ပြန်ထွက်သွားမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒါဟာဖြင့် ဒီဒေသတွင်းမှာ တရုတ်ရဲ့ ကန့်လန့်ကာနောက်ကွယ်က မဟာဗျူဟာဖြစ်တယ်လို့ မြင်ကြပါတယ်။
Your browser doesn’t support HTML5