မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေး တိုးတက်မှုရရှိ

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ working group လုပ်ငန်းအဆင့်မှာ မေလ ၂၀ ရက်နေ့က ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က အစီရင်ခံစာထဲမှာ ထည့်သွင်းခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ကလေးစစ်သား ပပျောက်ရေး လုပ်ဆောင်မှုများ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ အထူးကိုယ်စားလှယ်က အစီရင်ခံခဲ့ပါတယ်။ အကြောင်းစုံကိုတော့ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးစစ်သားများ အသုံးပြုမှုနဲ့ ပတ်သက်လို့ ဧပြီလ ၂၀၀၉ ခုကနေ ဇန်နဝါရီလ ၂၀၁၃ ခု လေးနှစ်တာအတွင်း အခြေအနေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ကိုယ်စား ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခ အထူးကိုယ်စားလှယ် မစ် လေလာ ဇူရကီ (Leila Zerrougui) က တနင်္လာနေ့က လုံခြုံရေးကောင်စီမှာ အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။

မစ် ဇူရကီ (Zerrougui) က မြန်မာအစိုးရအနေနဲ့ ၂၀၁၂ ခု ဇွန်လကနေ ကုလသမဂ္ဂနဲ့ action plan ကို လက်မှတ်ရေးထိုးပြီး ပူးတွဲ ဆောင်ရွက်ခဲ့လို့ တိုးတက်မှုတွေ ရရှိခဲ့တယ်လို့ အခုလို ဗွီအိုအေကို ပြောပါတယ်။

လေလာ ဇူရကီ (Leila Zerrougui)


“ကျမတို့က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကလေးစစ်သားများ ပပျောက်ရေး လုပ်ဆောင်ရာမှာ လမ်းမှန်ပေါ်ကို ဦးတည်နေတယ်လို့ ဆိုရမှာပါ။ ကျမတို့ လုပ်ဆောင်ရမယ့် action plan ကိုလည်း မြန်မာအစိုးရက လက်မှတ်ရေးထိုးထားပြီး ဖော်ဆောင်နေပါပြီ။ တကယ်လို့ အခြေအနေဟာ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် တပ်မတော်ကို တစ်နှစ် ဒါမှမဟုတ် အဲ့ဒါထက် ပိုပြီး အချိန်အတွင်း ကုလသမဂ္ဂ နာမည်ဆိုးစာရင်းကနေ ပယ်ဖျက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတဲ့အကြောင်း” ပြောသွားခဲ့တာဖြစ်ပါတယ်။

အခုလို တိုးတက်မှုတွေ ရရှိပေမဲ့လို့လည်း မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်ရမယ့် လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေသေးတယ်လို့လည်း သူက ပြောပါတယ်။

“ဥပဒေဘောင်အပိုင်း၊ လက်တွေ့ဖော်ဆောင်ရမယ့် စနစ်အပိုင်း တပ်ထဲရောက်နေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးဖို့ စသဖြင့်အပြင် အပြစ်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့တွေလည်း ပါဝင်ပါတယ်။ action plan နဲ့ ပတ်သက်လို့ နိုင်ငံရေးအဆင့်မှာတော့ အရေးကြီးတဲ့အချက်က တပ်မတော်ရဲ့ ထိပ်ပိုင်း တပ်မှူးအဆင့်ကနေစပြီး ကလေးစစ်သား စုဆောင်းမှုဟာ ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်။ အသက် ၁၈ နှစ်အောက် ကလေးတွေကို စစ်တပ်ထဲ မသွင်းရဘူးဆိုတဲ့ အမိန့်ကို တပ်မ၊ တပ်စု၊ တပ်စိပ် အဆင့်ဆင့် လိုက်နာကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကလေးစစ်သားတွေ စုဆောင်းတဲ့ တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့လည်း ဒီ action plan မှာ ပါဝင်ဖို့ ကျမတို့ ကမ်းလှမ်းလိုပါတယ်။ ကျမတို့ စိုးရိမ်ရတဲ့ စာရင်းထဲမှာလည်း လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။” လို့ မစ် ဇူရကီ က ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သားများ အသုံးပြုမှုနဲ့ပတ်သက်လို့ တပ်မတော် (ကြည်း) သာမက တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ DKBA၊ KIA၊ KNU၊ KNLP၊ SSA နဲ့ UWSA ၀ တို့လည်း ပါဝင်ကြတာ တွေ့ရပါတယ်။ action plan ကို လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ ILO ကမ္ဘာ့အလုပ်သမား အဖွဲ့အစည်းနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် action plan အစီအစဉ်အရ အစိုးရဘက်က ဘယ်လို လုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မစ် ဇူရကီ က -

“ကျမတို့ ပထမဦးဆုံးအနေနဲ့ လေ့ကျင့်သင်တန်းပေးတဲ့ စခန်းတွေဆီကို လက်လှမ်းမှီအောင် လုပ်လိုပါတယ်။ စစ်တပ်ထဲက ကလေးတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကလေးစစ်သားပေါင်း ၅၀၀ ကျော်ဟာ စစ်တပ်ထဲ ဝင်ဖို့ လျှောက်ထားတာ လက်မခံခဲ့ပါဘူး။ ကလေးစစ်သား ၆၆ ယောက်ကိုလည်း တပ်မတော်ကနေ action plan လက်မှတ်ရေးထိုးအပြီး ပြန်လွှတ်ပေးခဲ့ပါတယ်လို့” မစ် ဇူရကီ က ပြောသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ အကဲစမ်းမှုတွေ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့လည်း မစ် ဇူရကီ က ပြောပါတယ်။

“ပထမဦးဆုံးကတော့ ဥပဒေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ပြဌာန်းပေးဖို့ ဖြစ်ပါတယ်။ လက်ရှိ ဥပဒေမှာ ဒီ နိုင်ငံတကာ စံနှုန်းနဲ့ ဆန့်ကျင်မှုရှိရင် ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ ကျမအမြင်ကတော့ အဓိက အကဲစမ်းမှုက ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးပါပဲ။ ဝင်ငွေမရှိကြတဲ့ လူတွေဟာ သူတို့ ကလေးတွေကို လစာရမယ့် စစ်တပ်ထဲ သွင်းလိုကြတာတွေ ရှိပါတယ်။ နောက်တစ်ခုကတော့ လက်ရှိ ပြည်တွင်း တိုင်းရင်း ပဋိပက္ခ ပြဿနာပါပဲ။ တိုက်ပွဲတွေအတွက် ကလေးစစ်သားများ အသုံးပြုကြမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဒါကို အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ ဒါတွေဟာ ရေရှည် ဖော်ဆောင်ရမယ့် အကဲစမ်းမှုတွေ ဖြစ်ပါတယ်” လို့ မစ် ဇူရကီ က ပြောသွားတာ ဖြစ်ပါတယ်။

ဒ့ါအပြင် သူ့ရဲ့ အကြံပေးချက်နဲ့ ပတ်သက်လို့လည်း မစ် ဇူရကီ က -

“ပထမကတော့ တပ်ထဲမှာရှိတဲ့ ကလေးစစ်သားတွေအားလုံး ပြန်လွှတ်ပေးဖို့၊ ဒါကိုလည်း ပြည်တွင်းမှာရှိတဲ့ ဌာနေကိုယ်စားလှယ်အဖွဲ့နဲ့ ဌာနေ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ဒီကလေးတွေကို လူ့အဖွဲ့အစည်းထဲ ဝင်ဆံ့အောင် ပြန်လုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒုတိယကတော့ ၁၀ တန်းအောင်ပြီး အသက် ၁၈ နှစ်အောက် ကလေးတွေ တပ်ထဲ ဝင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေကို ရုပ်သိမ်းပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်အောက် ကလေးတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး လိုက်လံ နှောင့်ယှက် ဖမ်းဆီးပြီး တပ်ထဲ သွင်းတာတွေကိုလည်း ရပ်တန့်ပေးဖို့ ဖြစ်ပါတယ်။ အရေးအကြီးဆုံး အကြံပြုချက်ကတော့ ကလေးစစ်သားတွေကို လိုက်လံ စုဆောင်းမှုကို ထိထိရောက်ရောက် အရေးယူပေးဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တပ်က တာဝန်ရှိသူတွေကို အရေးယူဖို့ ဖြစ်ပါတယ်လို့” မစ် ဇူရကီ က ပြောသွားတာဖြစ်ပါတယ်။

မစ် ဇူရကီ အခုလို တင်သွင်းခဲ့တဲ့ အစီရင်ခံစာကို တုံ့ပြန်ရာမှာ မြန်မာအစိုးရ ကုလသမဂ္ဂ ကိုယ်စားလှယ်က နိုင်ငံအနေနဲ့ ကလေးစစ်သားများ ပပျောက်ရေးနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့အကြောင်းနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နားလည်ပေးဖို့ ပြောကြားခဲ့တယ်လို့ မစ် ဇူရကီ က ပြောပါတယ်ရှင်။