ရခိုင်ပြည်နယ် ဒုက္ခသည်ကူညီရေး အစိုးရအကူအညီလိုကြောင်း ကုလကိုယ်စားလှယ်ပြော

  • ဇော်ဝင်းလှိုင်

ကုလ လူသားချင်းစာနာမှုအဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valerie Amos

မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valarie Amos ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာတွေတုန်းက အကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို ဒီဇင်ဘာလ ၅ ရက်နေ့က သွားရောက် လေ့လာခဲ့ပါတယ်။ ဒီဒေသမှာ ကုလသမဂ္ဂက ဦးဆောင်ပြုလုပ်နေတဲ့ လူသားချင်း စာနာမှု အကူအညီပေးရေးလုပ်ငန်းတွေကို မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကူညီ လုပ်ဆောင်ပေးသင့်တယ်လို့လည်း Valarie Amos က ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ၄ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valarie Amos ဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာလ အတွင်း လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky က ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂမှာ ကျင်းပတဲ့ နေ့စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောဆိုသွားခဲ့တာပါ။

“ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကြောင့် အိုးအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ ရတဲ့ နေရာအတော်မများများကို လူသားချင်း စာမှုအကူအညီပေးရေးနဲ့ အရေးပေါ်အကူအညီပေးရေး ဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူး Valarie Amos သွားရောက် လေ့လာခဲ့ပါတယ်။ ဒုက္ခသည်စခန်းထဲက နေထိုင်မှုအခြေအနေတွေဟာ ဆိုးရွားနေတဲ့အပေါ် အထူးစိုးရိမ် ပူပန်မိကြောင်းလည်း Ms. Amos က ပြောကြားပါတယ်။”

ဆူပူမှုတွေကြောင့် အိုးအိပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ဒုက္ခရောက်နေကြတဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေကို ကုလသမဂဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီပေးနေတဲ့ လုပ်ငန်းတွေကို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးသင့်တဲ့အကြောင်းလည်း Ms. Amos က ပြောကြားခဲ့တယ်လို့ Martin Nesirky က ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့လည်း ကုလသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့အစည်းတွေက လုပ်ဆောင်နေတဲ့ အရေးပါတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ ကို ထောက်ပံ့ပေးသင့်တယ်လို့ Ms. Amos က ပြောခဲ့ပါတယ်။”

ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valarie Amos ဟာ မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိ အလည် အပတ် ရောက်ရှိနေတာပါ။ သူ့ရဲ့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအရာရှိ အတော်များများနဲ့ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။

သူမအနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း အလှူရှင်နိုင်ငံတွေ၊ လူသားချင်း စာနာမှု အကူအညီပေးရေး ကုလသမဂ္ဂနဲ့ ပူးပေါင်း လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ပြန်မထွက်ခင် ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ သူမရဲ့ ခရီးစဉ်အတွင်း တွေ့ရှိခဲ့တာတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။