လှေစီးပြေး အကြောင်းရင်းကို ဖြေရှင်းဖို့ ကုလအတွင်းရေးမှူး တိုက်တွန်း

အင်ဒိုနီးရှားနိုင်ငံကို မကြာခင်က လှေစီးရောက်လာသူတွေထဲက အမျိုးသမီးတဦး မလေးရှားက မိခင်ဖြစ်သူကို ဖုန်းနဲ့ဆက်သွယ်စကားပြောနေစဉ်။ (မေ ၂၂၊ ၂၀၁၅)

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ Bangladesh နိုင်ငံကနိုင်ငံပြောင်းအခြေချဖို့ကြိုးစားသူတွေ ဘာကြောင့် သူတို့နိုင်ငံတွေကနေ ထွက်လာရသလဲဆိုတဲ့ အကြောင်းရင်း ဇစ်မြစ်ကို ဖြေရှင်းဖို့လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ဒီကိစ္စဟာ ဒေသတွင်းမှာလက်ရှိဖြစ်နေတဲ့ ကိစ္စတခုဖြစ်နေတာကြောင့် ဘာကြောင့် ခုလို သူတို့နိုင်ငံတွေကနေ လူတွေ ထွက်လာရသလဲဆိုတဲ့ အကြောင်းရင်းကို ပြတ်ပြတ်သားသား ဖြေရှင်းသင့်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ Vietnam နိုင်ငံရောက်နေစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ မြန်မာ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံခေါင်းဆောင်တွေအပြင် တခြားဒေသတွင်းတာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ပင်လယ်ထဲမှာ မြောနေနိုင်မဲ့ လှေစီးဒုက္ခသည်တွေကို ကယ်တင်ဖို့နဲ့ လူသားချင်းစာနာပြီး လိုအပ်တဲ့ အကူအညီတွေ အရင်ပေးဖို့ တိုက်တွန်းခဲ့သလို နေရာပြန်လည်ချထားရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဟနွိုင်းမြို့တော်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

ခုလို လှေစီးဒုက္ခသည်တွေ ရှိနေရတဲ့ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကို ၂ ရက်ကြာလာသွားတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကလည်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားနိုင်ငံဘက်ကို လူတွေ ခိုးသွင်းနေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ထိုင်းနိုင်ငံက စတင်နှိမ်နှင်းလာပြီးနောက်မှာ တရားမဝင် နိုင်ငံထဲဝင်ဖို့ ကြိုးစားသူထောင်ပေါင်းများစွာနဲ့ စက်လှေတွေကို လူမှောင်ခိုတွေက ပင်လယ်ထဲမှာ ပစ်ထားခဲ့ကြတာဖြစ်ပါတယ်။

မေလလယ်လောက်ကစပြီး မလေးရှား အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကမ်းခြေတွေဆီ ရောက်လာကြတဲ့ လှေစီးဒုက္ခသည် ၃ ထောင်ကျော်လောက်ရှိပါတယ်။ အဲဒီထဲက ထက်ဝက်လောက်ဟာ မြန်မာနိုင်ငံကလို့ဆိုတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေဖြစ်ကြပြီး ကျန်တဲ့ ထက်ဝက်လောက်ကတော့ Bangladesh နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဖြစ်ကြပါတယ်။ နောက်ထပ် ၃ ထောင်ကျော်လောက်လည်း ပင်လယ်ထဲမှာ ရှိနေနိုင်သေးတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားပါတယ်။