နိုင်ငံသား စိစစ်ရေးလုပ်ငန်း ရခိုင်မှာ ကုလ ကိုယ်စားလှယ် လေ့လာ

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီး မြန်မာခရီးစဉ်။ (ဇန်နဝါရီ-၂၀၁၅)

ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီး ဟာ ဒီကနေ့ မြေပုံ မြို့နယ်ကို သွားရောက်ခဲ့ပြီးတော့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနေတာတွေ၊ မွတ်စလင် လူနည်းစု ဒုက္ခသည်စခန်းတွေ သွားရောက်လေ့လာခဲ့ပါတယ်။ မြေပုံမြို့မှာ ရှိတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ နဲ့တွေ့ဆုံ နှစ်ဖက် အသိုင်းအဝိုင်း အကြား အတူယှဉ်တွဲနေထိုင်နိုင်ရေး နဲ့ပတ်သက်ပြီး လည်း မေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ သူ့ခရီးစဉ် ကို စောင့်ကြည့် သတင်းယူနေတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

မစ္စ ယန်ဟီးလီးရဲ့ တတိယမြောက်နေ့ သူ့ခရီးစဉ်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြေပုံမြို့ကို သွားရောက်ခဲ့တာပါ။
မြေပုံကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က တာဝန်ရှိသူ အချို့နဲ့ မနက်ပိုင်း မှာ ရောက်ရှိခဲ့ပြီးတော့ ဒေသခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းတို့နဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။

မြေပုံမြို့နယ်ထဲမှာ နိုင်ငံသားစိစစ်ရေး ကဒ်ပြားထုတ်ပေးနေတဲ့ အခြေအနေတွေ ကိုလည်းလေ့လာခဲ့ပြီးတော့ မစ္စ ယန်ဟီးလီးက နှစ်ဘက် လူမှုအသိုင်းအဝိုင်းအကြား အတူယှဉ်တွဲနေထိုင်ရေး နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှု တွေ ရှိခဲ့တယ်လို့ လည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

“ယုံကြည်မှု တည်ဆောက်တာတွေ မြန်မြန်ဆန်ဆန် လုပ်လို့ ရနိုင်မလား၊ မရနိုင်ဘူးလားလို့ မေးပါတယ်။ အဲတော့ ကျနော် က ပြောပါတယ်။ မနေ့တစ်နေ့ပဲ ၂ နှစ်ပဲရှိသေးတယ်။ လူတွေသတ်ကြတယ်၊ မီးရှို့ကြတယ် အဲဒီလို အခြေအနေမျိုးမှာ- ဟုတ်လား၊ အတင်းဆွဲစိပြီး အတူယှဉ်တွဲနေထိုင်ရမယ် ဆိုရင်ဒါ ပဋိပက္ခကို ပြန်လည်ပြီးဖြစ်ပေါ်လာ ဖို့ အတွက် ကျနော်တို့ ဖိတ်ခေါ်နေသလို တွန်းအားပေးနေသလို ဖြစ်ပါလိမ့်မယ်လို့။ ကျနော် တောင်ကိုရီးယားကိုပဲ ဥပမာပေးပြီးတော့ ပြောပါတယ်။ တောင် နဲ့ မြောက်ကွဲနေတာ ၊ဘာသာတူတယ်၊ ယဉ်ကျေးမှု တူတယ်၊ လူမျိုးတူတယ်၊ ဒါပေမဲ့ တောင်နဲ့မြောက်ကွဲပြီးတော့ တစ်ယောက် နဲ့ တစ်ယောက် ရန်သူလို ဆက်ဆံနေရတာဟာ နှစ်ပေါင်း ၇၀ လောက်ရှိပြီလို့ အဲဒါကို စဉ်စားကြည့်ပြီးတော့ ကိုယ်ချင်းစာနိုင်ပါတယ်လို့ ကျနော် သူ့ကို ထောက်ပြခဲ့ပါတယ်။”

မနေ့တုန်းကတော့ သူ့အနေနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နဲ့ ညနေပိုင်းမှာ သီးသန့်တွေ့ဆုံမှုတွေခဲ့တာပါ။ လူနည်းစု မွတ်စလင်တွေ ဘာကြောင့် ရခိုင်ပြည်နယ် အတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိသလဲ ဆိုတဲ့ အချက် ကို မေးမြန်းခဲ့တယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း က ဗွီအိုအေကို ပြောပါတယ်။

“ ရခိုင်တိုင်းရင်းသားတွေ ကတော့ လွတ်လွတ်လပ်လပ်သွားလို့ ရတယ်။ ဘင်္ဂါလီ ကွန်မြူနတီကတော့ သွားလို့မရဘူး။အဲဒါဘာကြောင့်လဲလို့မေးပါတယ်။ Fair မဖြစ်တဲ့ သဘောမျိုးလို့ ဆိုလိုချင်တာပေါ့။ ကျနော်လည်း ခပ်ပြတ်ပြတ်ပဲ ပြောပါတယ်။ ကျနော်တို့ ရခိုင်တိုင်းရင်းသားဆိုတာ ကျနော်တို့မွေးရာပါ တိုင်းရင်းသား လူမျိုးကြီးတွေ ထဲက တစ်ခု ပေါ့နော်။ တစ်ဖက်က နိုင်ငံသားမှာ မဖြစ်သေးတာ နိုင်ငံသား ဖြစ်လို့ ရှိရင် နိုင်ငံသားတစ်ယောက်လိုမျိုး အခွင့်အရေးတွေ ရမယ်။ သွားလာမှုတွေ--- သူရဲ့ ကဏ္ဍအလိုက်ရမယ်။ ကျနော်တို့ အကုန်လုံးကို လွတ်လွတ်လပ်လပ် လိုချင်ပြီးတော့ နိုင်ငံသား ဖြစ်အောင် လုပ်ပေါ့။ နိုင်ငံသား ဖြစ်အောင် လုပ်ဖို့ ကျတော့လည်း အသုံးအနှုန်းနဲ့ မလုပ်ဘူးဆိုရင်တော့ ရှေ့ဆက်ရတာ ခက်ပါတယ်။ ဒါတွေလည်း နားလည်ဖို့လိုပါတယ် လို့ ဒီလို ပဲ ပြောပါတယ်။”

မစ္စ ယန်ဟီးလီး ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် မစတင်ခင်တုန်းကတော့ ပြည်ပ က ရိုဟင်ဂျာ အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ရခိုင်ပြည်နယ် အတွင်းက လူနည်းစု မွတ်စလင်တွေ အတွက် လူ့အခွင့်အရေး အပြည့်အ၀ မရတာတွေကို ထောက်ပြဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါပေမဲ့လည်း မနေ့တုန်းက သူ့ရဲ့ ရခိုင်ပြည်နယ် ခရီး အစ စစ်တွေမြို့မှာပဲ ဒေသခံ ရခိုင်လူထု အရပ်ဖက် လူအဖွဲ့အစည်း အချို့က လေယာဉ်ကွင်းမှာ ဆန္ဒဖော်ထုတ် တာ ၊ ရိုဟင်ဂျာ အရေး တစ်ဖက်သတ် တောင်းဆိုမှု တွေ မလုပ်ဖို့ ဆန့်ကျင် ကန့်ကွက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကိုဖိအားမပေးဖို့ နဲ့ မြန်မာအစိုးရက ရိုဟင်ဂျာကို တိုင်းရင်းသား အနေနဲ့ သတ်မှတ်တာ မျိုးမရှိတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့တော့ တစ်ဖက်မှာ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ငြိမ်းချမ်းရေးပါတီ က ပြောရေးဆိုခွင့်ရှိသူ ဦစလင်းက တော့ ရိုဟင်ဂျာ အရေး နဲ့ပတ်သက်ရင် နိုင်ငံတကာ နဲ့ မြန်မာအစိုးရ အကြား သမိုင်းကြောင်း နဲ့ ညှိုနှိုင်းသင့်တဲ့ ကိစ္စလို့ ရှုမြင်ပြီးတော့ ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ ဘယ်လူမျိုးမဆို လူ့အခွင့်အရေး အပြည့်အ၀ ရဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“ ဘာပဲ ဖြစ်ဖြစ် ရိုဟင်ဂျာသည် နိုင်ငံသားလား၊ တိုင်းရင်းသားလားဆိုတာကတော့ ဒါက သမိုင်းနဲ့ ဥပဒေကြောင်းနဲ့ ရှင်းရမယ့် ကိစ္စ ဖြစ်တဲ့ အတွက် နိုင်ငံတကာနဲ့ ကျနော်တို့ အစိုးရ သမိုင်းနဲ့ ဥပဒေ ကြောင်းနဲ့ ဆိုင်ပြီးတော့ ညှိုနှိုင်းပြီးတော့ စိန်ခေါ်ပြီးတော့ ဒါက ရှင်းလို့ရပါတယ်။ ဒါတွေက ကြီးကျယ်တဲ့ ပြသနာ မဟုတ်ပါဘူး။ ကျနော်တို့ ပြောချင်တာက ရိုဟင်ဂျာ ပဲဖြစ်ဖြစ်၊ မြန်မာ မွတ်စလင်ပဲဖြစ်ဖြစ်၊ ရခိုင် မွတ်စလင်ပဲဖြစ်ဖြစ် စသည်အားဖြင့် လူဆိုတာ လူ့အခွင့်အရေးကတော့ ရှိရမှာပဲ၊ နိုင်ငံသား အခွင့်အရေး ရှိရမယ်၊ လူသားဝါဒကို ကျင့်သုံးမယ်ဆိုရင် ဒါတွေက ပြသနာ ဒီလောက်မရှိဘူးလို့ ကျနော်ထင်ပါတယ်။”


မစ္စယန်ဟီးလီး အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ပထမနေ့ နဲ့ ဒုတိယနေ့တွေ တုန်းက နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းက တက်ကြွ လှုပ်ရှားသူတွေ ပြီးတော့ မြန်မာ့ အရေးလေ့လာ အကဲဖြတ် တစ်ချို့နဲ့ တွေ့ဆုံခဲ့တာပါ။

မစ္စ ယန်ဟီးလီးရဲ့ ဒုတိယ အကြိမ်မြောက် ခရီးစဉ် အနေနဲ့ ဇန်နဝါရီ လ ၇ ရက်နေ့ကနေ၁၆ ရက်နေ့ အထိ မြန်မာနိုင်ငံ နေထိုင်မှာ ဖြစ်ပြီး၊ ရခိုင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်း အခြေအနေတွေ၊ ပြီးတော့ ပြည်တွင်းက လတ်တလောဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာ အကဲဖြတ်မှာလည်းဖြစ်ပါတယ်။