မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး အာဏာပိုင်တွေ တာဝန်ကျေဖို့လို

  • ဦးရော်နီညိမ်း

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး အာဏာပိုင်တွေ တာဝန်ကျေဖို့လို

မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ နိုင်ငံတကာ မျှော်လင့်ထားတာနဲ့ အတော်ကို အလှမ်းဝေးတဲ့အတွက် စိတ်မကောင်းဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောလိုက်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပြင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ကြတဲ့ ပါတီ ကိုယ်စားလှယ် တော်တော်များများနဲ့ တွေ့ဆုံခဲ့တဲ့ မစ္စတာ နမ်ဘီးယားနဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့တို့ တွေ့ဆုံအပြီးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ခရီးစဉ်အကြောင်းကို တနင်္လာနေ့က မရှင်းပြခင်မှာ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ကို တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဦးရော်နီညိမ်းက တင်ပြပေးထားပါတယ်။

ဒီနှစ်ဆန်းကမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ဟာ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်က ၂ ရက်ကြာခရီး သွားရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့တော့ တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။

အခုအခါမှာ ကုလသမဂ္ဂကို ပြန်လည် ရောက်ရှိလာခဲ့တဲ့ မစ္စတာ နမ်ဘီးယားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဖွဲ့စည်းထားတဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံတွေက ကုလသမဂ္ဂဆိုင်ရာ သံတမန်တွေကို အတွင်းရေးမှူးချုပ် ကိုယ်တိုင် ရှင်းလင်း တင်ပြခဲ့ပါတယ်။

အခုလို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ဝင် သံတမန်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မစ္စတာ ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ မာတင် နက်စာကီးက သတင်းထောက်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ဒီနေ့မနက်မှာ အတွင်းရေးမှူးချုပ်ဟာ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မစ္စတာ နမ်ဘီးယားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ အရေးမှာ သူ့ရဲ့ အထူးသံတမန် အနေနဲ့ မစ္စတာ နမ်ဘီးယား လုပ်ကိုင်ခဲ့တဲ့ ဘောင်အတွင်းက အပေးအယူ အတိုင်းအတာကို အတွင်းရေးမှူးချုပ်က ရှင်းပြ ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ပြီးဆုံးသွားခဲ့တဲ့ ရွေးကောက်ပွဲကတော့ နိုင်ငံတကာ မိသားစုက မျှော်လင့်ထားတဲ့ အဆင့်အတန်းထက် အလွန်ပဲ နိမ့်ကျခဲ့တာကို သူ့အနေနဲ့ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတယ်လို့ အတွင်းရေးမှူးချုပ်က မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို ပြောကြားသွားခဲ့ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ စိုးရိမ်ရတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးပါတီတွေ ရင်ဆိုင် တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို အဓိကထားပြီး ဆွေးနွေးဖြစ်ခဲ့တယ်လို့ မစ္စတာ နမ်ဘီးယားက မြန်မာနိုင်ငံက မထွက်ခွာခင်ကလည်း ပြောဆိုသွားခဲ့ပါတယ်။

ရှေ့လာမယ့် မြန်မာ့နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ သံတမန်တွေနဲ့ ပြောဆို ဆွေးနွေးခဲ့တာတွေကို မစ္စတာ မာတင် နက်စာကီးက အခုလို ဆက်ပြီး ရှင်းပြပါတယ်။

“အနာဂတ်ကို မျှော်မှန်းပြီး ကျနော်တို့က မြန်မာနိုင်ငံ အာဏာပိုင်တွေကို ဆက်လက်ပြီး တိုက်တွန်း နှိုးဆော်နေဖို့ လိုအပ်နေတာကတော့ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းတဲ့ ကိစ္စမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့နဲ့ အရေးပါသူတွေ အားလုံး ပါဝင်ရေးပါပဲလို့ အတွင်းရေးမှူးချုပ်က ပြောသွားခဲ့ပါတယ်။ လာမယ့် ၂ လတာ ကာလဟာ မြန်မာ့နိုင်ငံရေးမှာ သိပ်ကို အရေးကြီးတဲ့ အချိန်ပါလို့လည်း အတွင်းရေးမှူးချုပ်က မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကို ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

“ဒီကာလမှာ မြန်မာ့နိုင်ငံရေး တိုးတက် ဖြစ်ထွန်းလာဖို့ အဆုံးအဖြတ်ပေးမယ့် လမ်းကြောင်းသစ် ပေါ်ထွက်လာမယ့် အလားအလာ ရှိနေသလို နိုင်ငံတကာမှာလည်း ဒီအပြောင်းအလဲကို လက်ခံမယ်၊ လက်မခံဘူး သုံးသပ်ကြမှာ ဖြစ်ပါတယ်လို့ အတွင်းရေးမှူးချုပ်က ပြောသွားပါတယ်။ ဒီကာလမှာ မြန်မာအာဏာပိုင်တွေဟာ တာဝန်ရှိတဲ့အတိုင်း အတိအကျ လုပ်ကိုင် ဆောင်ရွက်သွားဖို့ ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေသင့်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားသွားခဲ့ပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ မြန်မာနိုင်ငံကို ရွေးကောက်ပွဲ မတိုင်ခင် သွားရောက်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့ပေမဲ့ မြန်မာစစ်အစိုးရကတော့ သူ့ကို ရွေးကောက်ပွဲ မတိုင်ခင် လာခွင့် မပြုခဲ့တဲ့အတွက် သူ့အနေနဲ့ မြန်မာ့အရေးကို ဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဇွန်လက စင်ကာပူ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို အရင် သွားရောက်ခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မစ္စတာ နမ်ဘီးယားရဲ့ ခရီးစဉ်ဟာ မြန်မာ့နိုင်ငံရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်တဲ့အကြောင်း၊ ကုလသမဂ္ဂဟာ သူ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အကန့်အသတ်တွေ ရှိနေပေမဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို လေးစားကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ညနေပိုင်းမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာ မစ္စတာ နမ်ဘီးယား၊ မစ္စတာ ဘန်ကီမွန်းတို့နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့ဝင် နိုင်ငံတချို့ကတော့ အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ပေါ်တူဂီ စတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။