ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြု

သံအမတ်ကြီး ဦးကျော်မိုးထွန်

(Zawgyi/Unicode)

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ NLD အစိုးရကိုသာ ဆက်ပြီး ကိုယ်စားပြုကြောင်း ပြောသွားပါတယ်။ သံအမတ်ကြီးရဲ့ မြန်မာလိုပြောဆိုချက် အပြည့်အစုံကတော့ -

"မင်္ဂလာပါ။ ညီအစ်ကိုမောင်နှမများနဲ့ သွေးချင်း ညီနောင် သားချင်များခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့ စစ်တပ်အာဏာသိမ်းမှုချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နဲ့ တခြား မတရားထိန်းသိမ်းခံထားရသူများ ချက်ချင်းလွှတ်ပေးရေး၊ နိုင်ငံတော်အာဏာပြည်သူ့ထံပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး နဲ့ ဒီအရေးတော်ပုံကြီးအောင်မြင်ရေးကို မိမိတို့အလွှာအသီးသီးမှာ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။ ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်ဖြစ်ပါတယ်။ ပြည်သူသာအဓိကပါ။ အရေးတော်ပုံ .. အောင်ရမည်။ Thank you Mr. President"

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုကို သူ့အနေနဲ့ ကန့်ကွက်ကြောင်းနဲ့ NLD အစိုးရကိုသာ သူ အသိအမှတ် ကိုယ်စားပြုတယ်လို့ ဒီကနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ ပြောကြားသွားပါတယ်။

အခုချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်ရှိဖိအားတွေနဲ့တင် မလုံလောက်ဘဲ အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်ကို ပိုမို ပြင်းထန်တဲ့ ဖိအားပေးဖို့လည်း ဒီကနေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအတွက် သီးသန့်ကျင်းပတဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH က ဒီအစည်းအဝေးအတွက် ပေးပို့တဲ့ သဘောထားကိုလည်း သံအမတ်ကြီးက ဖတ်ပြခဲ့ပါတယ်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီး၊ ဆန္ဒပြ ပြည်သူတွေကို အင်အားသုံးနှိမ်နင်းနေတဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ရာဇဝတ်မှုဖြစ်တယ်၊ လူသားထုအားလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်။ ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်ထန်ထန် အရေးယူပေးဖို့ တိုက်တွန်းပါတယ်။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ စစ်တပ်အာဏာသိမ်းမှုကို တနိုင်ငံချင်းက ပြင်းပြင်းထန်ထန် ရှုတ်ချဖို့၊ စစ်အုပ်ချုပ်သူတွေနဲ့ မပူးပေါင်းဖို့၊ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH ကို ထောက်ခံပေးဖို့ နဲ့ လက်ရှိ မြန်မာနိုင်ငံတွင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ဆန္ဒပြသူတွေကို မြန်မာစစ်တပ်က အကြမ်းဖက်နှိမ်နှင်းမှုတွေကို ရပ်တန့်အောင် ဖြစ်နိုင်တဲ့နည်းမျိုးစုံသုံးပြီး ဖိအားပေးဖို့ CRPH က အလေးအနက်ထား တောင်းဆိုသွားပါတယ်။

သူ့ရဲ့ မိန့်ခွန်းအပိတ်မှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒီဆွေးနွေးပွဲကို ကြည့်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ သူ ရပ်တည်နေကြောင်းနဲ့ စစ်အုပ်ချုပ်ရေး ကျဆုံးပြီး အရပ်သားအစိုးရ အာဏာပြန်လည် ရတဲ့အထိ ဆက်ပြီး ကြိုးပမ်းသွားကြဖို့ မြန်မာလို ပြောပြီး တိုက်တွန်းသွားခဲ့ပါတယ်။

..........................

(Unicode)









Your browser doesn’t support HTML5

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း NLD အစိုးရကိုသာ ဆက်လက်ကိုယ်စားပြု