အာဏာအပြည့်အဝချုပ်ကိုင်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်လုပ်ဆောင်နေ - ကုလအထူးသံတမန်

ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener၊ သြဂုတ် ၁၀၊ ၂၀၂၁။

(Zawgyi/Unicode)

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာကို အပြည့်အ၀ ချုပ်ကိုင်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ယူဆကြောင်း လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Christine Schraner Burgener က ပြောကြားလိုက်ပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အိမ်စောင့်အစိုးရဖွဲ့စည်းလိုက်တာ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို ဖျက်သိမ်းလိုက်တာနဲ့ ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမယ်လို့ ကြေညာလိုက်တာတွေကို ကြည့်ခြင်းအားဖြင့် အာဏာကို အပြည့်အ၀ ချုပ်ကိုင်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ကျမထင်ပါတယ်” - လို့ Christine Schraner Burgener က ပြောသွားတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်းက အခြေအနေတွေဟာ စိုးရိမ်စရာကောင်းနေသေးကြောင်းနဲ့ မကြာခင်မှာ NLD ပါတီကို ဖျက်သိမ်းတာမျိုး ဖြစ်လာလိမ့်မယ်လို့ သူ့အနေနဲ့ စိုးရိမ်မိကြောင်းလည်း အထူးသံတမန် Burgener က ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ အကြောင်းအရာ တော်တော်များများကို ပြောသွားတာမှာ သူ့အနေနဲ့ မြန်မာစစ်တပ်အပြင်၊ အတိုက်အခံအင်အားစုတွေနဲ့ NUG - ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရနဲ့ပါ ပုံမှန် အဆက်အသွယ်ရှိကြောင်းနဲ့ NUG ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေကြောင်းလည်း Christine Schraner Burgener က ပြောပါတယ်။

သူ့အနေနဲ့ မြန်မာစစ်တပ် ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇူလိုင်လ ၁၆ ရက်နေ့ နောက်ဆုံး စကားပြောခဲ့တာမှာ - ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့ သူ့ဘက်က တောင်းဆိုခဲ့ပေမယ့် စစ်တပ်ဘက်က တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရှိဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံရေးပဋိပက္ခကို ကြားဝင်ဆောင်ရွက်ပေးဖို့ အာဆီယံက မကြာသေးခင်မှာ ခန့်လိုက်တဲ့ အထူးကိုယ်စားလှယ်နဲ့ ဆက်သွယ် ပြောဆိုတာမှာတော့ အာဆီယံကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို မသွားခင် ဆက်သွယ်သင့်သူတွေနဲ့ အရင် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ယူဆကြောင်း အာဆီယံကိုယ်စားလှယ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် Christine Schraner Burgener က သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားနိုင်ဖို့ အစဉ်တစိုက် ကြိုးစားနေကြောင်း၊ စစ်တပ်ဘက်က သူ့ကို လာခွင့်ပြုတာနဲ့ မြန်မာနိုင်ငံကို သွားဖို့အဆင်သင့်ရှိနေကြောင်းလည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

အာဏာအပြည့်အဝချုပ်ကိုင်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်လုပ်ဆောင်နေ - ကုလအထူးသံတမန်

(Unicode)






