နျူကလီးယားအရေး ဆွေးနွေးဖို့ IAEA အကြီးအကဲ အီရန်ရောက်

A picture from Iran's Atomic Energy Organization shows Iranian Atomic Organization spokesman Behrouz Kamalvandi, right, with International Atomic Energy Agency head Rafael Grossi in Tehran, March 3, 2023. AFP PHOTO/Atomic Energy Organization of Iran

အီရန်နိုင်ငံမှာ နျူကလီးယား လက်နက်လုပ်နိုင်တဲ့ အဆင့်နီးပါး သန့်စင်ထားတဲ့ ယူရေနီယံတွေ တွေ့ရှိခဲ့ပြီးနောက် အီရန်သမ္မတ Ebrahim Raisi အပြင် အခြားတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အကြီးအကဲ Rafael Grossi အီရန်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

အီရန်ရဲ့နျူကလီးယားအရေးကိစ္စတွေမှာ IAEA နဲ့ ပိုပြီး တိုင်တိုင်ပင်ပင်လုပ်အောင် တိုက်တွန်းဖို့ အကြီးအကဲ Rafael Grossi ၂ ရက်ခရီးစဉ်နဲ့ ရောက်နေတာဖြစ်ပါတယ်။ သောကြာနေ့က တဟီရန် မြို့တော်ကို ရောက်ရှိပြီးနောက် အီရန်အနုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ Mohammad Eslami နဲ့ မစ္စတာ Grossi တွေ့ဆုံခဲ့ပါတယ်။

အီရန် နျူကလီးယားအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြန်စနိုင်ရေးနဲ့ အမြင့်ဆုံးအဆင့်ကနေ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ်တဲ့ခရီးစဉ်မှာ အီရန်သမ္မတ Raisi နဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောတာကို AFP သတင်းမှာ ဖော်ပြပါတယ်။ တဟီရန်မြို့တော်ကနေ တောင်ဘက် မိုင် ၆၀ လောက်ဝေးတဲ့ Fordow နျူကလီးယား စက်ရုံမြေအောက်ခန်းထဲမှာ ၈၃% ကျော်အထိ သန့်စင်ထားတဲ့ ယူရေနီယံတွေ ရှိနေတာ သိရှိထားတယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြတဲ့ IAEA ရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီးနောက်မှာ အခုလို အကြီးအကဲ အီရန်ကို သွားရောက်နေတာလည်း ဖြစ်ပါတယ်။

၉၀% အထိ သန့်စင်ထားတဲ့ ယူရေနီယံတွေဆိုရင် အနုမြူဗုံးထုတ်လုပ်ဖို့ သုံးစွဲနိုင်ပါတယ်။ အီရန်မှာ ယူရေနီယံတွေကို ၆၀% အထိ သန့်စင်ထားတဲ့ ယူရေနီယံတွေကို ထုတ်လုပ်နေတာ ၂ နှစ်ကျော်ပါပြီ။ သန့်စင်ရေးလုပ်ငန်းစဉ်မှာ မရည်ရွယ်ဘဲ အတိုးအလျှော့ ဖြစ်သွားနိုင်တယ်လို့ အီရန်အစိုးရဘက်က ပြောကြားခဲ့ပါတယ်။

Fordo နျူကလီးယားစက်ရုံမှာ IAEA ကို အသိပေးမထားတဲ့ IR-6 အမျိုးအစား လောင်စာချောင်း ၂ ခုကို IAEA စုံစမ်းရေးမှူးတွေ ဇန်နဝါရီလ ၂၁ ရက်က တွေ့ရှိခဲ့ပြီးနောက် နောက်ဆက်တွဲ စစ်ဆေးမှုတွေ လုပ်ရာမှာ ယူရေနီယံတွေကို ၈၀% ကျော်သန့်စင်ထားပုံရတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ IAEA ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

==== Unicode =====




