ရေဘေးဒဏ် ခံနေရတဲ့မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၁ သန်းလောက်ရှိသွားပြီ ဖြစ်သလို၊ တနိုင်ငံလုံးမှာ လယ်မြေဧက ၅ သိန်းကျော် ပျက်စီးနေပြီး လာမယ့် ၂ ပတ်အတွင်း စပါး ပြန်မစိုက်နိုင်ခဲ့ရင် စပါးအထွက်နှုန်း ကျဆင်းလိမ့်မယ်လို့ ကုလ သမဂ္ဂအဖွဲ့က သတိပေးလိုက် ပါတယ်။ လောလောဆယ် ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးခံနေရတဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ တချို့မှာတော့ အရေးပေါ် အကူညီတွေ မရနိုင်သေးပဲ ဖြစ်နေပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။
မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်း ၁၂ ခုမှာ ရေဘေးဒုက္ခသည် ၁ သန်းလောက် ရှိသွားပြီလို့ မြန်မာအစိုးရကို ကိုးကားပြီး ကုလသမဂ္ဂ UNOCHA အဖွဲ့က သတင်းထုတ်ပြန်လိုက်တာပါ။ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ကပြုလုပ်တဲ့ နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ခုလို ပြောပါတယ်
“ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး UNOCHA ရဲ့အဆိုအရ မကြာသေးခင် ရက်ပိုင်းတွေအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ် နဲ့ ပဲခူးတိုင်းတို့မှာ ရေကြီးမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူတွေ တိုးများလာပြီး ဘေးကင်းရာကို ရွှေ့ပြောင်းပေးမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ အခုလို ရေကြီးမှုကြောင့် မြန်မာအစိုးရရဲ့အဆိုအရ ရေဘေးသင့်သူဟာ တသန်းလောက်ရှိသွားပြီလို့ သိရပါတယ်။
ရေဘေးဒဏ်ကြောင့် မြန်မာနိုင်ငံမှာ လယ်ဧက သိန်းနဲ့ချီ ပျက်စီးရသလို ၊ စပါးအထွက်နှုန်း ကျဆင်းနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး ထားကြောင်းလဲ Stéphane Dujarric က ပြောပါတယ်။
“မြစ်ရေလျှံမှုကြောင့် လယ်မြေဧကပေါင်း ၅ သိန်း ၂သောင်းလောက် ပျက်စီးခဲ့ရပြီး၊ ရခိုင်မှာ ကနဦးလေ့လာ ခန့်မှန်းချက်တွေအရ ရေကြီးပြီး ဆားငံရေဝင်တာကြောင့် ကောက်ရိတ်သိမ်းရမယ့် စပါးတွေ တော်တော်လေး ပျက်စီးသွားခဲ့ရကြောင်း သိရပါတယ်။ လာမယ့် သီတင်း ၂ပတ်အတွင်း စပါးပြန်စိုက်နိုင်ဖို့ အရေးကြီးပါတယ်။ ဒီ ၂ပတ်အတွင်း စပါးပြန်မစိုက်နိုင်ဘူးဆိုရင် စပါးအထွက် သိသိသာသာ ကျဆင်း သွားနိုင်တယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က သတိပေးထားပါတယ်
“ရေကြီးတဲ့ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ ပြည်နယ်နဲ့တိုင်းတွေထဲမှာ ရခိုင်ပြည်နယ် ချင်းပြည်နယ် မကွေးတိုင်း စစ်ကိုင်းတိုင်းနဲ့ အခုနောက်ဆုံး ဧရာဝတီတိုင်း ပဲခူးတိုင်းတွေ ပါဝင်ပါတယ်။ လောလောဆယ် ဧရာဝတီတိုင်း ငဝန်မြစ်ကမ်းနဘေးက သာပေါင်းမြို့နယ် ဇီးဖြူကွင်းအုပ်စုနဲ့ တဝိုက်က ကျွေးရွာတွေမှာ ရွာလုံးကျွတ် ရေမြုပ်နေပြီး အခုချိန်ထိ အရေးပေါ် အကူအညီတွေ မရသေးဘူးလို့ ဇီးဖြူကွင်းအုပ်စု ထန်းပင်ချောင်း ရွာက ချမ်းသာအောင်ကျောင်းတိုင် ဆရာတော် ဦးစာရိတ္တက မိန့်ကြားပါတယ်။
“လက်ရှိ ဦးဇင်းတို့ ကျောင်းအောက်ကို ရေက ၄ပေခွဲနဲ့ ၅ပေအထိကို ဝင်နေပါပြီ။ ရှိသမျှရွာ ၄၃ အိမ်မှာ အကုန်ရေဝင်ပြီးတော့ အဲဒီမှာ တချို့အိမ်တွေကလည်း အိမ်ပေါ်မှာကို ခေါင်နား မထိတထိလောက်အထိ ကွတ်ပျစ်လိုမျိုးထိုးပြီးတော့ နေနေကြတယ်။ ဒီ ငဝန်မြစ်ကမ်းဘေး တလျှောက်လုံး ရွာတွေအားလုံး အကုန်မြုပ်နေတာ။ နေပြည်တော် ရေဘေး Hot Line ဆိုတာကို လှမ်းပြီးတော့ ဆက်တဲ့အခါ အဲဒီ Hot Line ကနေပြီးတော့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြောင်းကြားပေးပါ့မယ်ဆိုပြီးတော့ မနက်ပိုင်းမှာ ပြောလိုက်တယ် ။ အဲဒီ ညနေမှာ လာမလားလို့ စောင့်တော့လဲ မလာဘူး။ နောက်တနေ့မနက် လာမလားစောင့်တယ် မလာဘူး။ ညနေကျမှ အဲဒီ ကျေးရွာအုပ်ချုပ်ရေးဆိုတဲ့ သူက သူ့ကျေးရွာမှာဖွဲ့ထားတဲ့ သဘာဝဘေးအန္တရာယ် ကော်မတီဆိုတဲ့ လူ၅ ယောက်နဲ့ ရောက်ချလာပြီးတော့ .. အဲဒီတော့မှ တခါထဲ မြုပ်နေတဲ့ ရေဝင်တဲ့ အိမ်ကို စာရင်းကောက်ပါတယ်။ အဓိကက ဆန်ဆီဆေးဆား စားစရာတွေ အဲဒါတွေ အကူအညီလိုနေတာပါ ..”
ငဝန်မြစ် ကမ်းနဘေးတလျှောက် ထန်းပင်ချောင်း၊ ကွမ်းခြံကုန်း၊ ကွမ်းသီးခြံ၊ ရေတွင်းကုန်း၊ သိမ်ကုန်းရွာတွေနဲ့အတူ တဖက် ကမ်းမှာရှိတဲ့ ငုချောင်း ကင်းတပ်၊ တဂေါက်၀ စတဲ့ကျေးရွာတွေအားလုံးဟာ အနည်းဆုံး ၄ပေ ၅ပေ အထက် ရေမြုပ်နေတယ်လို့ ဆရာတော် ဦးစာရိတ္တက မိန့်ပါတယ်။ အဲဒီဒေသမှာ လယ်လုပ်သူတွေနဲ့ ရေလုပ်ငန်း လုပ်ကိုင်သူအများစုရှိပြီး အခုတော့ လယ်မြေတွေ ပျက်စီးကုန်တယ် လို့ ဆရာတော်က မိန့်ပါတယ်။
“အခုဒီ ရေကြီးတဲ့ နှုန်းထားအတိုင်းက နောက်ထပ်ကို ၁ လကြော် ၂ လထိ ဖြစ်နိုင်တယ်ဆိုပြီး ခန့်မှန်း သုံးသပ်ထားတယ်။ လယ်ကတော့ သူတို့က ရေလွတ်မယ်လို့ ယူဆထားတဲ့ နေရာတွေက အကုန်ရေဝင်ပြီးတော့ ပျိုးခင်းတွေ တဝက်လောက်မြုပ်ပြီး ဆုံးရှုံးတဲ့ သူတွေက ဆုံးရှုံးကုန်တာ၊ နောက် တိရစ္ဆာန်တွေကတော့ ကြိုတင်ပြောင်းရွှေ့ထားတော့ ဆုံးရှုံးမှု မရှိဘူး။ လုပ်ငန်းကတော့ ဒီရက်ထဲမှာ လယ်သမားတွေကလည်း ရေလုပ်သားတွေ အကုန်ဖြစ်နေကြပါပြီ။”
မြန်မာနိုင်ငံက ရေဘေးအတွက် ကုလသမဂ္ဂက အရေးပေါ်ရံပုံငွေ ဒေါ်လာ ၉သန်းအကူအညီပေးထားသလို အခြားနိုင်ငံတွေကလည်း ကူညီ ထောက်ပံ့မှုတွေ ရှိနေပါတယ်။