မြောက်ကိုရီးယားအပေါ် ကုလ ဒဏ်ခတ်မှုအသစ် တိုးမြှင့်ချမှတ်

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် တည်ဆောက်တဲ့ အစီအစဉ်တွေကို ပစ်မှတ်ထားတဲ့ ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုအသစ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ တခဲနက် အတည်ပြု လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ၂၁ ရာစုအတွင်း နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တဲ့ တခုထဲသောနိုင်ငံဖြစ်တဲ့အကြောင်း၊ တကယ်ဆို မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုကို တကြိမ်ထဲ မဟုတ်ဘဲ ၄ ကြိမ်တောင် ပြုလုပ်ခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Samantha Power က မဲခွဲဆုံးဖြတ်အပြီး လုံခြုံရေးကောင်စီကို ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ သူ့ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်အစား နျူကလီးယားနဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တည်ဆောက်ရေး လုပ်ငန်းတွေကိုသာ တစိုက်မတ်မတ် အာရုံစိုက် လုပ်ဆောင်ခဲ့တယ်လို့လည်း အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုနဲ့ တာဝေးပစ် ဒုံးကျည် နောက်ဆုံး ပစ်လွှတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ အခုလို မဲခွဲဆုံးဖြတ်ဖို့ ဖြစ်လာခဲ့တာပါ။

အမေရိကန်သမ္မတ Barack Obama ကလည်း ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အိမ်ဖြူတော်မှာ ကြိုဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ အန္တရာယ်များတဲ့ ဒီအစီအစဉ်တွေကို စွန့်လွှတ်ပြီး ကိုယ့်လူမျိုးတွေအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းကို ရွေးချယ်သင့်တယ်ဆိုတာကို နိုင်ငံတကာအသိုင်းဝိုင်းက မြောက်ကိုရီးယားကို တညီတညွတ်ထဲ ပြတ်သားရှင်းလင်းစွာ အသိပေးလိုက်တာဖြစ်ကြောင်း သမ္မတ အိုဘားမားက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။