IS စစ်သွေးကြွတွေ ဘဏ္ဍာရေး ပိတ်ဆို့ဖို့ ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်

ကုလလုံခြုံရေးကောင်စီအစည်းအဝေး (ဒီဇင်ဘာ ၁၇၊ ၂၀၁၅)

IS စစ်သွေးကြွအဖွဲ့ လက်ထဲ ငွေတွေရောက်မသွားအောင် ဟန့်တားမယ့် ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့မှာ ချမှတ်လိုက်ပါတယ်။

"ဒီနေရာမှာ ကိုယ်စားပြုရောက်နေကြတဲ့ တိုင်းပြည်တွေရော၊ တခြား တိုင်းပြည်တွေကပါ အဓိပ္ပါယ်ရှိတဲ့ လက်တွေ့ အကောင်အထည်ဖော်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ နဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားဖို့လိုပါတယ်။ အယ်လ်ခိုင်းဒါးအဖွဲ့ကို ချေမှုန်းစဉ်က ရခဲ့တဲ့ အတွေ့အကြုံတွေအတိုင်း ဒီကနေ့ IS နဲ့ တခြားတပ်ဖွဲ့တွေကို အောင်အောင်မြင်မြင် တိုက်ခိုက်ဖို့မှာ အကြမ်းဖက်သမားတွေ လက်ထဲ ငွေတွေရောက်မသွားအောင် ဟန့်တားတဲ့နည်းလမ်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုပါတယ်။ နိုင်ငံတခုချင်းစီက ကိုယ့်ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ အပြင်နိုင်ငံစုံပါဝင်ပြီး ပူးပေါင်းဆောင်ရွက်တာ၊ သတင်း အချက်အလက် ဖလှယ်တာတွေကို လုပ်သွားရပါမယ်။” - လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jacob Lew က ပြောသွားတာပါ။

IS စစ်သွေးကြွတွေဟာ မှောင်ခိုဈေးကွက်တွေမှာ ရေနံရောင်းပြီး ရလာတဲ့ငွေတွေနဲ့ ကမ္ဘာတဝှမ်း ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နေတာပါ။ ဒါ့အပြင် အမြတ်အစွန်း များလှတဲ့ အနုပညာ လက်ရာပစ္စည်းတွေကို ခိုးယူ ရောင်းချတာ၊ ငွေကြေးခေါင်းပုံဖြတ် တာတွေနဲ့ လူတွေကို ပြန်ပေးဆွဲ ငွေညှစ် တာတွေ ကနေတဆင့်လည်း ဝင်ငွေတွေရနေတာပါ။

နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ ငွေကြေးခဝါချမှုတွေနဲ့ အကြမ်းဖက်သမားတွေ လက်ထဲ ငွေရနေတဲ့ အခြေအနေတွေကို တိုက်ဖျက်သွားရမှာ ဖြစ်တယ်လို့ မစ္စတာ Lew က ပြောပါတယ်။ ဒါကို အရှိန်မြင့် လုပ်ဆောင်ဖို့အတွက် အခု လုံခြုံကောင်စီကို ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။

IS စစ်သွေးကြွတွေဟာ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ နယ်မြေ အများအပြားကို သိမ်းပိုက်ထားပြီး လစ်ဗျားနိုင်ငံမှာလည်း သူတို့ အဓိက ခြေကုပ်ယူထားတဲ့နေရာတွေကို တိုးချဲ့ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။