ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးကောက် တင်မြှောက်မှုအတွက် နောက်ထပ် မဲပေးတဲ့ လုပ်ငန်းစဉ်ကို စတင်လိုက်ပြီမို့ အတွင်းရေးမှူးချုပ်သစ် ရွေးကောက်ပွဲက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ အဆုံးအဖြတ်ပေးမယ့် နောက်ဆုံး အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလ အထွေထွေညီလာခံမှာ အတည်ပြုပေးဖို့ အတွက် အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလ လုံခြုံရေး ကောင်စီက ကိုယ်စားလှယ်လောင်း တဦးကို အကြံပြု ထောက်ခံပေးရမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ၁၀ ဦးတို့ အပေါ် အဖွဲ့ဝင်တွေရဲ့ သဘောထားကို ခန့်မှန်းနိုင်ဖို့ အတွက်ပြီးခဲ့တဲ့ ဇူလိုင်လက စလို့ လုံခြုံရေး ကောင်စီက အလွတ်သဘော မဲဆန္ဒ ကောက်ယူမှု ၅ ကြိမ် လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ၅ ကြိမ်စလုံးမှာတော့ အသက် ၆၇ နှစ် ရှိပြီ ဖြစ်တဲ့ ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း Antonio Guterres က ရှေ့ဆုံးမှာ ရှိနေပါတယ်။
ဒီကနေ့ လုံခြုံရေး ကောင်စီတွင်း မဲဆန္ဒ ကောက်ယူမှုမှာ သူ အနိုင်ရနိုင်မလားဆိုတဲ့ အပေါ်မှာ ကွဲကွဲပြားပြား ထွက်ပေါ်လာရင်တောင်မှဘဲ အတွင်းရေးမှူးချုပ် သေချာပေါက် ဖြစ်လာဖို့ အာမခံချက်ကတော့ မရှိသေးပါဘူး။
ကုလ လုံခြုံရေး ကောင်စီရဲ့ မဲခွဲမယ့် အစီအစဉ်မှာတော့ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံ အတွက် မဲလက်မှတ်ပြားကို အရောင်တမျိုး သတ်မှတ်အသုံးပြုမှာ ဖြစ်ပြီး တခြာ အဖွဲ့ဝင်တွေ အတွက်တော့ အရောင်တမျိုးခွဲခြား အသုံးပြုမှာ ဖြစ်ပါတယ်။ ဆန္ဒမဲတွေကတော့ တကြိမ်နဲ့ တကြိမ် တူမှာတော့ မဟုတ်ပါဘူး။ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန် ပြည်ထောင်စု တခုခုတို့ကနေ မထောက်ခံရင်တော့ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ အတွင်းရေးမှူးချုပ် ဖြစ်ရေး ရည်မှန်းချက်ကို စွန့်လွှွတ်ရနိုင်ပါတယ်။ ဘယ်သူ အနိုင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မဲခွဲ မဆုံးဖြတ်နိုင်ခင်မှာ ပယ်ချခံထားရတဲ့ ကိုယ်စားလှယ်လောင်းတွေဘက်ကလည်း သူတို့ဘာသာ နုတ်ထွက်သွားနိုင်ပါတယ်။ အားလုံးရဲ့ သဘောတူညီချက်နဲ့ ကိုယ်စားလှယ်လောင်း တဦး ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာတဲ့ အခါမှာတော့ လုံခြုံရေး ကောင်စီက တရားဝင် မဲခွဲမှုကို စတင်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5