ကန်လူ့အခွင့်အရေး အခြေအနေ ကုလ မေးခွန်းထုတ်ဖွယ်ရှိ

လူ့အခွင့်အရေး ချန်ပီယံလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂက ဒီကနေ့ တနင်္လာနေ့မှာ ပြန်လည် သုံးသပ်ဖို့ ရှိနေပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ တနိုင်ငံချင်းစီအပေါ် ၄ နှစ်တကြိမ် ပြုလုပ်တဲ့ Universal Periodic Review - နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေကို ပုံမှန်သုံးသပ်မှုကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မကြာသေးခင် ကာလတွေအတွင်း ဖြစ်သွားခဲ့တဲ့ လက်နက်မဲ့ အာဖရိကန် - အမေရိကန်လို့ခေါ်တဲ့ အမေရိကန် လူမည်းတွေအပေါ် ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့မှုတွေအပါအဝင် အမေရိကန်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဂျနီဗာမြို့မှာ ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခံရမှာ ဖြစ်ပါတယ်။

နှစ်ရှည်လများ တိုက်ပိတ် ဖမ်းဆီးထားမှုနဲ့ သေဒဏ် အပြစ်ပေးတဲ့စံနစ် ဆက်လက် တည်ရှိနေသေးတဲ့ ကိစ္စတွေ အပါအဝင် အမေရိကန် နိုင်ငံထဲ တရားမဝင် ဝင်ရောက် နေထိုင်သူ ကလေးငယ်တွေနဲ့ တခြားသူကို အများအပြားကို ဖမ်းဆီး ထိန်းသိမ်းထားတာ၊ ထောင်တွေရဲ့ အခြေအနေ စတဲ့ အကြောင်းအရာတွေလည်း ဆွေးနွေးမှုအတွင်း ပါဝင်နိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အမေရိကန်နိုင်ငံသားအများစုကို စောင့်ကြည့် ထောက်လှမ်းတဲ့ အစိုးရရဲ့အစီအစဉ်ဟာလည်း ဆွေးနွေးမှု အတွင်း မလွဲမရှောင်သာ ပါဝင်လာနိုင်တဲ့ အကြောင်းအရာ ဖြစ်လာနိုင်ပါတယ်။ အဲဒီ စောင့်ကြည့် ထောက်လှမ်းမှုတွေကို ခွင့်ပြုထားတဲ့ အစိုးရရဲ့ မျိုးချစ်ဥပဒေဟာလည်း ဇွန်လ ၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်အတွင်း ဒီကိစ္စကို ဆွေးနွေးကြဖို့ ရှိနေပါတယ်။