ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar Assad ပြုတ်ကျသွားပြီးနောက် အနောက်နိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ်ကို ဦးတည်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ငြိမ်းချမ်းတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေအပေါ် သမ္မတအာဆတ် အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့တာကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တခြားနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ တင်းတင်းကြပ်ကြပ် ချမှတ်ထားတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူပေါင်းသန်းဝက်နီးပါး သေဆုံးခဲ့ရပြီး ပြည်တွင်းစစ်မတိုင်ခင် လူဦးရေ ၂၃ သန်းရဲ့ တဝက်လောက်ဟာလည်း နေရပ်စွန့်ခွာခဲ့ကြရပါတယ်။
နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်တာကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း အဟန့်အတားတွေ ကြုံနေရတာပါ။ ဆီးရီယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Geir Pedersen ကတော့ တိုင်းပြည်တည်ဆောက်ရေးအတွက် ပိတ်ဆို့ဒဏ်ခတ်မှုတွေ မြန်မြန်ဆန်ဆန် ဖယ်ရှားဖို့ မျှော်လင့်ကြောင်း ဒမတ်စကတ်မြို့တော် ခရီးစဉ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အစ္စလာမ် စစ်သွေးကြွအဖွဲ့ HTS ဦးဆောင်ပြီး ဆီးရီးယားသမ္မတကို ဖယ်ရှားခဲ့တဲ့ အတိုက်အခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ယာယီအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဆီးရီးယားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။