[[Zawgyi/Unicode]]
ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ အကြမ်းဖက်မှုတွေ အရှိန်မြင့် ဆက်လက် ဖြစ်ပေါ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Noeleen Heyzer က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲဒီ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာမှာ နိုင်ငံအတွင်းမှာတင် ပိတ်မိနေသူတွေ အများအပြားရှိနေသလို အိမ်နီးချင်း နိုင်ငံအတွင်းကို ထွက်ပြေးကြရသူတွေဟာလည်း အကူအညီတွေ လိုအပ်နေတယ်လို့ Noeleen Heyzer ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့အတိုင်း ဒီပဋိပက္ခမှာပါဝင် ပတ်သက်နေသူအားလုံးအနေနဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ရှေ့ရှုပြီး ဒီပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်အောင် ကြိုးစားလုပ်ဆောင်ကြဖို့ အထူးကိုယ်စားလှယ်က ထပ်လောင်း တောင်းဆိုထားတဲ့အပြင် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်မှာ တောင်းဆိုထားတဲ့အတိုင်း အကြမ်းဖက်မှုတွေကို ချက်ခြင်း ရပ်တန့်ဖို့အတွက်လည်း Noeleen Heyzer ရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
မြန်မာပြည်သူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူမှုစီးပွား အခက်အခဲတွေကို ရင်ဆိုင် နေကြရပြီး ဖြစ်တဲ့အပြင် အခုလည်း လူသားချင်း စာနာမှုဆိုင်ရာ ဘေးဒုက္ခတွေနဲ့ ထပ်ဆင့် ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ အဲဒီလို ဘေးဒုက္ခတွေကို ဖြစ်ပေါ်စေတဲ့ သေနတ်သံတွေ ချုပ်ငြိမ်းသွားအောင်လုပ်ဆောင်ပြီး ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီကြဖို့ လိုအပ်ကြောင်း၊ မြန်မာ ကလေးငယ်တွေရဲ့ အနာဂတ်ဟာလည်း ဒီအပေါ်မှာ အများကြီးမူတည်နေကြောင်း ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
အောက်တိုဘာလကုန်ပိုင်းမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ရာထူးခန့်အပ်လိုက်ပြီး အခုလလယ်ပိုင်းမှာ ရာထူးတာဝန်တွေကို စတင် ထမ်းဆောင်တဲ့ စင်္ကာပူနိုင်ငံသူ Noeleen Heyzer ဟာ မြန်မာနိုင်ငံပဋိပက္ခမှာ သက်ဆိုင်သူတွေနဲ့ တိုင်ပင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဒေသတခုလုံးကို အကျိုးသက်ရောက်နေတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဒီကိစ္စမှာ တိုက်ရိုက် ပါဝင် ပတ်သက်နေသူတွေနဲ့ ထိတွေ့ဆက်ဆံတာ၊ နားထောင်တာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ မြန်မာပြည်သူတွေကို ပံ့ပိုးပေးတဲ့တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု ပေါ်ထွက်လာအောင် ဆောင်ရွက်သွားမယ်လို့လည်း Noeleen Heyzer ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒါဟာ သူ့အနေနဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရာထူးကို လက်ခံပြီးတဲ့နောက် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် ကြေညာချက် ထုတ်ပြန်ခြင်းလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကရင်နဲ့အခြားနေရာကအကြမ်းဖက်မှုတွေအတွက် စိုးရိမ်ကြောင်း ကုလကိုယ်စားလှယ်ထုတ်ပြန်
==================
[[Unicode]]
#MyanmarUN #UNSpecialEovoyMyanamr #NoeleenHeyzer #MyanmarViolence #VOABurmese
==================