အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

UN Special Envoy Noeleen Heyzer and NUG Foreign Minister Zin Mar Aung (Photo: Leong Wai Kit)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် တာဝန်သက်တမ်း ပြီးဆုံးတော့မယ့် ဒေါက်တာ Noeleen Heyzer နဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ဇွန်လ ၂ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဆောင်ရွက်ခဲ့မှုတွေကို အသိအမှတ်ပြုကြောင်း ဒေါ်ဇင်မာအောင်ဘက်က ပြောကြားခဲ့တယ်လို့ NUG နိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ဖြေရှင်းမှု ပျက်ကွက်တယ်လို့ ဒေါက်တာ Hayzer ဘက်က အသိအမှတ်ပြု ပြောသလို အထူးကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်မှုတွေမှာ အခက်အခဲ အတားအဆီးတွေ ကြုံခဲ့ရတာတွေကို ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ဒေါက်တာ Noeleen Heyzer တာဝန်ခန့်အပ်ခံရပါတယ်။ အထူးကိုယ်စားလှယ် တာဝန်တွေ ဇွန်လ ၁၂ ရက်နေ့မှာ ကုန်ဆုံးတော့မယ်လို့ ကုလသမဂ္ဂက မေလ ၃၁ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အထူးသံတမန်တာဝန်နဲ့ မြန်မာနိုင်ငံကို ၂၀၂၂ သြဂုတ်လမှာ တကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ အဲဒီခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့နဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းခဲ့ပါတယ်။