မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးသံရဲ့ အစီရင်ခံစာ
ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုမရတဲ့ မြန်မာနိုင်ငံမှာ လူမမြင်ကြတဲ့ ပဋိပက္ခကြီး ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးထူး သံတမန် Tom Andrews က ဖော်ပြပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာက အလေးမထားတဲ့အတွက် ပြည်သူတွေအပေါ် ဆိုးဝါးတဲ့ရက်စက်မှုတွေကို အုပ်ချုပ်သူတွေက လုပ်နေနိုင်ရုံကမက လုပ်ဖို့ အထောက်အပံ့ပေးရာ ရောက်နေတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာမှာ အသေးစိတ်ရေးသားထားပါတယ်။
Tom Andrews ရေးသားပြုစုတဲ့ အစီရင်ခံစာကို အတွင်းရေးမှူးချုပ် António Guterres က အထွေထွေညီလာခံမှာ အောက်တိုဘာလတုန်းက တင်ပြခဲ့တာဖြစ်ပြီး အစီရင်ခံစာ အသေးစိတ်ကို ကုလသမဂ္ဂက သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။
စစ်ပွဲတွေမှာ အရေးနိမ့်နေပြီး ဆောက်တည်ရာမရ ဖြစ်နေတဲ့ မြန်မာအာဏာသိမ်း စစ်ကောင်စီဟာ အတိုက်အခံအင်အားစုတွေ အခြေစိုက်တဲ့ ဒေသကကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး၊ ခေါင်းဖြတ်သတ်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ ညှင်းပန်းနှိပ်စက်တာတွေ ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တာကိုလည်း ပြောထားပါတယ်။ စစ်ရေးအရ အရေးနိမ့်နေပြီး နယ်မြေတွေ လက်လွတ်ဆုံးရှုံးနေရတဲ့ မြန်မာစစ်တပ်ဟာ သူတို့ မထိန်းချုပ်နိုင်တော့တဲ့ မြို့ရွာတွေကို ခေတ်မှီ စစ်လက်နက်ပစ္စည်းတွေ အသုံးပြုပြီး တိုက်ခိုက်ဖျက်စီးနေသလို အရပ်သားတွေအပေါ် တိုက်ခိုက်နေတာတွေကို အသေးစိတ် ဖော်ပြထားပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခြားကိစ္စရပ်တွေအပေါ်မှာ အာရုံစူးစိုက်နေပြီး မြန်မာ့အရေးကို အလေးမပေးနိုင် ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံကို မမြင်နိုင်တဲ့ ပဋိပက္ခတခု invisible crisis လို့ အထူးကိုယ်စားလှယ်က ဖေါ်ညွှန်းထားပါတယ်။
မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေ ပိုဆိုးလာရတာဟာ တချို့အစိုးရတွေအနေနဲ့ စစ်လက်နှက်ပစ္စည်းတွေ၊ လေယာဉ်ဆီတွေကို စစ်ကောင်စီထံကို တင်သွင်းခွင့်ပြုနေတာ၊ ဒါမှမဟုတ် တက်ကြွကြွ ကူညီနေတာတွေကြောင့် ဖြစ်တယ်လို့လည်း လူ့အခွင့်အရေး အထူးသံတမန် Tom Andrews ကပြောထားပါတယ်။
ဘယ်နိုင်ငံတွေလဲဆိုတာတော့ သူ့ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီကို လက်နက်တွေ ရောင်းဝယ်ပို့ဆောင်ပေးလို့ မရအောင် စင်္ကာပူက ကန့်သတ်အရေးယူမှုတွေ လုပ်ခဲ့တဲ့အတွက် သူက ချီးမွှမ်းခဲ့သလို၊ စစ်ကောင်စီ ထိန်းချုပ်တဲ့ ဘဏ်တွေအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့တဲ့အတွက် စစ်ကောင်စီအတွက် ကုန်ကြမ်းဝယ် ကုန်ချောထုတ်လုပ်မှုတွေ ထိခိုက်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က အစီရင်ခံစာထဲမှာ ထည့်သွင်းပြောထားပါတယ်။