ဒုက္ခသည်တွေ ထပ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလတိုက်တွန်း

ကလေးချီထားတဲ့ ရိုဟင်ဂျာ အမျိုးသား ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ရှိ သံဆူးကြိုးအကာအရံတွေတလျှောက် လမ်းလျှောက်လာပုံ (စက်တင်ဘာ၊ ၀၇၊ ၂၀၁၇)

ပဋိပက္ခအခြေအနေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ခိုလံှုံခွင့်ပေးသင့်တယ်လို့ ကုလသမဂ္ဂ က ပြောလိုက်ပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီတဲ့နေရာမှာ သိပ်ကို သဘောထားကြီးလှပါတယ်။ ယေဘုယျအားဖြင့် တနှစ်အတွင်းမှာ နိုင်ငံတခုကိုရောက်သွားတဲ့ ဒုက္ခသည်အရေအတွက်ကို ကြည့်မယ်ဆိုရင် ၇ သိန်း နီးပါးရှိပါတယ်။ ပဋိပက္ခကနေ ထွက်ပြေးလာသူတွေအနေနဲ့ သူတို့ ဘယ်ကိုပဲသွားသွား ဘေးကင်းလုံခြုံတဲ့နေရာမှာ ခိုလှုံနိုင်ဖို့က အရေးကြီးပါတယ်” လို့ သောကြာနေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stephane Dujarric က ပြောသွားပါတယ်။

ဒုက္ခသည်အကျပ်အတည်းဟာ“ဆိုးတဲ့အဆင့်ကနေ ပိုဆိုးတဲ့အဆင့်” ကို ရောက်သွားပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံက နောက်ထပ်ရောက်လာမယ့် ဒုက္ခသည်တွေကို လက်ခံနိုင်တဲ့အနေအထား မရှိတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Shahidul Haque က လုံခြုံရေးကောင်စီမှာ တင်ပြပြီးတဲ့နောက် ကုလသမဂ္ဂပြောခွင့်ရက အဲဒီလိုပြောသွားတာပါ။

ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ တခြားနိုင်ငံတွေဟာ သိပ်ကို သဘောထားကြီးလှပေမယ့်လည်း ဒီအခြေအနေ အကန့်အသတ်မဲ့ ဆက်ရှိနေမယ်လို့ မျှော်လင့်မထားနိုင်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener ကလည်းပြောပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီကို ကြာသပတေးနေ့က အစီရင်ခံတင်ပြတဲ့ထဲမှာ မစ္စ Burgener က အဲဒီလိုပြောသွားတာပါ။

လက်ရှိမှာ အပြင်းအထန်ဆက်ဖြစ်နေတဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AAနဲ့ တိုက်ပွဲတွေဟာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ ကိုယ့်သဘောနဲ့ကိုယ် ဘေးရန်ကင်းကင်း နေရပ်ပြန်နိုင်ရေး ကြိုးပမ်းချက်တွေအပေါ် နောက်ထပ် သက်ရောက်လာမယ့်အရေး သူ စိုးရိမ်တယ်လို့ မစ္စ Burgener ကပြောပါတယ်။

မြန်မာအစိုးရနဲ့ ဆက်ပြီး ယုံကြည်မှုတည်ဆောက်ဖို့နဲ့ လက်တွဲလုပ်ဆောင်သွားဖို့အတွက် အားလုံး တစုတစည်းတည်း လုပ်ဆောင်သွားကြရမယ်လို့လည်း အထူးကိုယ်စားလှယ် Christine Burgener က လုံခြုံရေးကောင်စီမှာ ပြောသွားပါတယ်။

Your browser doesn’t support HTML5

ဒုက္ခသည်တွေ ထပ်လက်ခံဖို့ ဘင်္ဂလားကို ကုလတိုက်တွန်း