UNDP ထိပ်တန်းတာဝန်ရှိသူ ရခိုင်သွားရောက်

Haoliang Xu - UNDP

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်နေမှုကိစ္စကို လေ့လာဖို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ လက်ထောက်အရာရှိ ရခိုင်ပြည်နယ်ကို ရောက်နေပါပြီ။

ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Haoliang Xu ဟာ သူ့ရဲ့တပတ်ကြာ ခရီးစဉ်အတွင်း စစ်တွေမြို့ကို ခရီးစဉ် တတိယနေ့မှာ မနေ့ကပဲ ရောက်သွားခဲ့ပြီး၊ မြန်မာအရာရှိတွေနဲ့ တွေ့ဆုံကာ ကုလသမဂ္ဂဘက်က ဦးစားပေး လုပ်သင့်တာတွေကို စုံစမ်းနေပါတယ်။

UNDP ခေါ် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ရုံးရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူးနဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ Haoliang Xu အနေနဲ့ မြန်မာဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ သောကြာနေ့မှာ တွေ့ဆုံဖို့ ရှိပါတယ်။

UNOCHA (ခေါ်) ကုလသမဂ္ဂ လူသားချင်းဆိုင်ရာကူညီမှု ညှိနှိုင်းရေးရုံးက ဒါရိုက်တာ John Ging လည်း လိုက်ပါသွားတဲ့ ဒီရခိုင်ခရီးစဉ်ဟာ လက်ထောက်အတွင်းရေးမှူးချုပ် Haoliang Xu အတွက် ရာထူးရပြီးပြီးချင်း ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ ပြီးခဲ့တဲ့ လတွေအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေ ထွက်ခွာသွားခဲ့ရတာကြောင့် ဖြစ်ပေါ်လာနေတဲ့ အကူအညီ လိုအပ်မှုတွေကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ရုံးနဲ့ အခြားလူသားချင်းစာနာမှုဆိုင်ရာရုံးတွေက ဒီဒေသထဲမှာ အကူအညီပေးနိုင်ရေးတွေကို အဓိကဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ အခုလို ကုလသမဂ္ဂဘက်က ကူညီပေးတာတွေဟာ မူဆလင်တွေဘက်ကို ဦးစားပေးလုပ်နေတယ်လို့ ဒေသခံ ရခိုင်လူမျိုးတွေဘက်က အဆိုးမြင်နေချိန်မှာ ကုလသမဂ္ဂ အရာရှိတွေဘက်ကတော့ ဒီရခိုင်ဒေသတခုလုံး အကျိုးစီးပွားကိုခြုံကြည့်ပြီး အကူအညီတွေ ပေးမှာဖြစ်တယ်လို့ ဆိုနေပါတယ်။