ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာများ စာရင်းထဲမှာ နောက်ထပ် နေရာခုနစ်နေရာကို ထပ်ထည့်ပြီး သတ်မှတ်လိုက်တဲ့အကြောင်း ဂျာမနီနိုင်ငံမှာ အစည်းအဝေးလုပ်နေတဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ရဲ့ ကမ္ဘာ့ အမွေအနှစ်များဆိုင်ရာကော်မတီက စနေနေ့မှာ ကြေညာပါတယ်။
အခုသတ်မှတ်လိုက်တဲ့ ခုနစ်နေရာထဲမှာ နှစ်နေရာက အီရန်နိုင်ငံမှာဖြစ်ပြီး တရုတ်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ မွန်ဂိုလီယားနဲ့ ပြင်သစ်နိုင်ငံတွေက နေရာ တစ်နေရာစီပါဝင်ပါတယ်။
ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၆၀ ကျော်က နေရာပေါင်း ၁,၀၀၀ ကျော်ကို ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းထဲမှာ UNESCO က ထည့်သွင်း သတ်မှတ်ထား ပြီးပါပြီ။ အဲဒီထဲမှာ မြန်မာနိုင်ငံက ပျူရှေးဟောင်းမြို့တော်တွေလည်းပါဝင်ပြီး ၂၀၁၄ ခုနှစ် ဇွန်လက သတ်မှတ်ပေးခဲ့တာပါ။ အိန္ဒိယက Taj Mahal ၊ သြစတြေးလျက Great Barrier သန္တာကျောက်တန်းနဲ့ အင်္ဂလန်က Stonehenge နေရာတွေဟာလည်း ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းထဲမှာ ထည့်သွင်း သတ်မှတ်ခံထားရပါတယ်။