မြန်မာနဲ့ ဒေသတွင်း ရာဇဝတ်ဂိုဏ်းတွေရဲ့အန္တရာယ် ကုလသတိပေး

မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ် ဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ လူမှောင်ခိုကူးမှု၊ ကုန်ပစ္စည်းအတုတွေ ကူးသန်းရောင်းဝယ်မှုနဲ့ ဆေးဝါး အတု ထုတ်လုပ် ရောင်းချမှုတွေကနေ နှစ်စဉ် ရရှိတဲ့ ငွေပမာဏဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ လောက် ရှိတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုလို တရားမဝင် ရာဇဝတ်မှု ကျူးလွန်မှုတွေဟာ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ အဓိက ဖြစ်ပွားနေတယ်လို့ အစီရင်ခံစာမှာ အလေးပေး ဖော်ပြထားပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင် က တင်ပြထားပါတယ်။

အာရှ-ပစိဖိတ် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ မှောင်ခိုလုပ်ငန်းတွေနဲ့ ပတ်သက်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးရုံးကနေ ပြည့်ပြည့်စုံစုံ အစီရင်ခံစာ ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီအစီရင်ခံစာထဲမှာ အာရှ-ပစိဖိတ် ဒေသအတွင်း အဆိုးရွားဆုံး ဖြစ်ပေါ်နေတဲ့ တရားမဝင် မှောင်ခိုလုပ်ငန်းတွေထဲက လုပ်ငန်းကြီး ၄ ခုကို အဓိက ဦးစားပေး ဖော်ပြထားတာမှာ - လူမှောင်ခိုကူးမှု၊ ဘိန်းနဲ့ Methamphetamine စိတ်ကြွဆေး စတာတွေ ပါဝင်တဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု၊ သဘာ၀ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ တောရိုင်းတိရစ္ဆာန်၊ သစ်တောထွက်ပစ္စည်းတွေ၊ ဆေးဝါးနဲ့ တခြားကုန်ပစ္စည်းတွေ အတု ထုတ်လုပ်တာတွေ ပါဝင်ပြီး ငွေကြေးပမာဏ အားဖြင့်တော့ အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ ဒေသတွင်း တချို့တိုင်းပြည်တွေရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု ပမာဏထက် များနေတာကို တွေ့ရတယ်လို့ UNODC အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အရာရှိ ဂျီအိုဗာနီ ဘရိုဆဒ် (Giovanni Broussad) က ပြောပါတယ်။

“ဒီမှောင်ခိုလုပ်ငန်းတွေကနေ ရရှိတဲ့ နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀ ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု ပမာဏ GDP ထက် ၂ ဆ၊ ကမ္ဘောဒီးယားနိုင်ငံထက် ၈ ဆနဲ့ လာအိုနိုင်ငံရဲ့ GDP ထက် ၁၃ ဆအထိ ရှိနေပါတယ်။”

ဒီအထဲမှာ ဘိန်းဖြူနဲ့ တခြား Methamphetamine စိတ်ကြွဆေးလို မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေရဲ့ ပမာဏဟာ စုစုပေါင်း တရားမဝင် မှောင်ခိုကူးမှုတွေရဲ့ ၃ ပုံ ၁ ပုံကျော် ရှိတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါး အများစုကိုတော့ မြန်မာနိုင်ငံအတွင်းမှာ ထုတ်လုပ်ပြီး၊ တရုတ်နဲ့ တခြား အရှေ့တောင်အာရှ နိုင်ငံတွေကို တင်ပို့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ Methamphetamine စိတ်ကြွဆေး အဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန် နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေ ထိထိရောက်ရောက် လုပ်လာတဲ့အတွက် မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုတွေ ပိုများလာတယ်လို့လည်း ဂျီအိုဗာနီ ဘရိုဆဒ် (Giovanni Broussad) က ထောက်ပြပါတယ်။
“နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေဟာ မြန်မာနိုင်ငံက စတင်နေတာ ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံကလည်း အဲ့ဒီလို ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ပြင်းထန်တဲ့ နည်းလမ်းတွေ ချမှတ် လုပ်ဆောင်လာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီ လုပ်ဆောင်ချက်တွေက ဘယ်လို အဖြေ ထွက်လာမလဲ၊ အစိုးရရဲ့ ချမှတ် လုပ်ဆောင်ချက်တွေက ဘယ်လို အကျိုး ဖြစ်ထွန်းမလဲ ဆိုတာကို စောင့်ကြည့်သွားဖို့ လိုပါလိမ့်မယ်။”

UNODC ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေကို တိုးချဲ့ လုပ်ဆောင်တာတွေ ရှိပေမဲ့လည်း တချို့နေရာတွေမှာ ထိရောက်မှု မရှိတာတွေကို တွေ့ရတယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်း က ပြောပါတယ်။

“တမြန်နှစ်ကဆိုလို့ရှိရင်တော့ သူတို့ UNODC နဲ့ ပေါင်းပြီးတော့မှ ဘိန်းခြံတွေရှင်းတာ ရှိခဲ့ပါတယ်။ AP တို့ ဘာတို့ကလည်း သတင်းတွေ တော်တော်များများ ထွက်ခဲ့ပါတယ်။ သို့သော်လည်း AP ကိုယ်တိုင်က ဘယ်လိုရေးထားသလဲဆိုတော့ သူတို့ ဘိန်းသွားရှင်းနေတဲ့အချိန်မှာ အများအားဖြင့်ကတော့ သူတို့ ဘိန်းခြံတွေက ရိတ်သိမ်းပြီးတဲ့အချိန် ဖြစ်နေတယ်။ ဘိန်းဆီတွေ ထုတ်ပြီးတဲ့အချိန်ဖြစ်နေတယ်လို့ သူ ရေးထားပါတယ်။ အစိုးရရဲ့ ဘိန်းပပျောက်ရေးတို့၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့ လုပ်တဲ့အပိုင်းမှာတော့ တော်တော်ကြီးကို လျော့ရဲတယ်လို့ ကျနော်တို့ မြင်ပါတယ်။”

“ဘာဖြစ်လို့လဲဆိုတော့ အခု အသွင်ကူးပြောင်းရေး အခြေအနေပေါ့ဗျာ ၂၀၁၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ ဦးသိန်းစိန် တက်လာပြီးတဲ့နောက်ပိုင်းမှာ သူတို့က မူးယစ်ဆေးဝါး ပပျောက်ရေးကို ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ
နောက်ထပ် ၅ နှစ် တိုးမယ်လို့ သူတို့ ပြောပါတယ်။ သို့သော်လည်း နောက်ထပ် ၅ နှစ် တိုးဖို့အတွက် ဘယ်လိုမျိုး စီမံကိန်းတွေ ပြန်ချထားတယ်ဆိုတာ အခုထိ မထွက်လာသေးဘူး။”

အစိုးရဘက်က သေချာရေရာတဲ့ ပေါ်လစီ ချမှတ်ထားခြင်း မရှိသေးတဲ့ အခုလို စပ်ကူး မတ်ကူးကာလမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေဟာ အရင်ကထက် ပိုပြီး လွတ်လပ်မှု ရှိနေတာကို တွေ့ရှိရတယ်လို့ ဦးခွန်စိုင်း က ပြောပါတယ်။

တကယ်တော့ မြန်မာပြည်က ထွက်သမျှ ဘိန်းနဲ့ တခြား မူးယစ်ဆေးဝါး အများစုကို တရုတ်ပြည်ဘက်က ဒိုင်ခံ ဝယ်ယူနေပေမဲ့ အဲ့ဒီ ပမာဏနဲ့ မလုံလောက်တဲ့အတွက် တရုတ်နိုင်ငံ Xian jiang – Uyghur ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အာဖဂန်ဘက်ကပါ တင်သွင်းနေတဲ့ အထောက်အထားတွေ တွေ့ရှိ ရတဲ့အကြောင်း UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အရှိန်ကျ မသွားသေးတာဟာ နိုင်ငံတကာ ရဲ့ ပါဝင်ပတ်သက်မှုနဲ့ ကူညီ ထောက်ပံ့မှု အားနည်းနေတဲ့အပြင် မြန်မာအစိုးရရဲ့ ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် ဖြစ်တယ်လို့ ဦးခွန်စိုင်း က ထောက်ပြပါတယ်။

“နိုင်ငံတကာရဲ့ ပါဝင်မှုက ၁၉၈၈ နောက်ပိုင်းမှာဆိုရင်လည်း အမေရိကန်က ဖြတ် လိုက်တာကိုး၊ အမေရိကန်က ဖြတ်လိုက်တဲ့အခါကျတော့ UNODC က ဆက်လုပ် တယ်။ လုပ်သော်ငြားလည်းပဲ UNODC လုပ်နိုင်တာက အတိုင်းအတာနဲ့ ရှိတယ်။ သူလုပ်တဲ့နေရာတွေဆိုရင် အစိုးရအခွင့်ပေးတဲ့နေရာလောက်ပဲ လုပ်နိုင်တယ်။ အစိုးရအခွင့်မပေးတဲ့နေရာတွေမှာ သူ ဘာမှ မလုပ်နိုင်ဘူး။”

နိုင်ငံတကာရဲ့ ဝင်ရောက်မှု နည်းပေမဲ့လည်း တရုတ်အစိုးရရဲ့ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ကော်မရှင် NNCC ရဲ့ ဦးဆောင်မှုနဲ့ ဘိန်းအစားထိုး စိုက်ပျိုးရေး စီမံချက်နဲ့ ရာဘာပင်တွေ လာစိုက်ကြပေမဲ့လည်း အဲ့ဒီ စိုက်ပျိုးရေး လုပ်ငန်းတွေဟာ ဘိန်းစိုက်တဲ့ ဒေသတွေမှာ အစားထိုး စိုက်ပျိုးတာမဟုတ်ဘဲ တခြား အလုပ်ဖြစ်မယ့် ဒေသတွေမှာ စိုက်ပျိုးတဲ့အတွက် လက်တွေ့မှာ ထိရောက်မှုမရှိဘဲ
ဒေသခံ အာဏာပိုင်တွေနဲ့ ငွေကြေး စိုက်ထုတ်ပေးတဲ့ တရုတ်လုပ်ငန်းရှင်တွေပဲ အကျိုးအမြတ် ခံစားနေရတယ်လို့ ဆိုပါတယ်။

ဒေသတွင်း အဓိက ဖြစ်ပေါ်နေတဲ့ လူမှောင်ခို ကူးတဲ့လုပ်ငန်းဟာလည်း ငွေကြေး ပမာဏအားဖြင့် တခြား မှောင်ခိုလုပ်ငန်းတွေထက်စာရင် မများလှပေမဲ့ နှစ်စဉ် အမေရိကန် ဒေါ်လာ ၂ ဘီလီယံလောက်ရှိပြီး မှောင်ခိုကူးခံရသူတွေအတွက် ထိခိုက် နစ်နာမှုဟာ ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။

မဟာမဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံတွေထဲက ထိုင်းနိုင်ငံထဲကို လူမှောင်ခို ကူးခံရသူတွေ ဟာ မြန်မာနိုင်ငံက အများဆုံးဖြစ်ပြီး တနှစ်ကို ၅ သိန်းလောက် ရှိတယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။