မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေဟာ စိန်ခေါ်မှုအသစ်ပုံစံနဲ့ ရှိနေဆဲပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဓမ္မလုပ်အားခိုင်းစေမှုကို မြန်မာနိုင်ငံမှာ စိန်ခေါ်မှုပုံစံအသစ်နဲ့ တွေ့နေရဆဲပဲလို့ ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး UNOPS ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စစ်တမ်းပေါ်အခြေခံပြီး ဌာနေကုလအဖွဲ့ဝင်တွေက ပြောကြတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တွေ့နေရတဲ့ အဓမ္မလုပ်အားခိုင်းစေတာ နဲ့ပတ်သက်ပြီး ကုလသမဂ္ဂက ၂၀၁၅ ခုနှစ်မှာ ပထမဆုံး သေချာ လေ့လာဆန်းစစ်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က ကျွမ်းကျင်မှုသိပ်မရှိတဲ့ မြန်မာအလုပ်သမား ၆ ယောက်မှာ ၁ ယောက်ဟာ အဓမ္မခိုင်းစေတာခံရတဲ့ အခြေနေရောက်နေတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ အခု နောက်ဆုံးစစ်တမ်းမှာလည်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်အနေတဲ့ တိုးတက်မှု ရှိမလာတဲ့အပြင် UNOPS က လူတွေ့မေးမြန်းခဲ့တဲ့ အလုပ်သမားအားလုံးရဲ့ ၉၁ % ဟာ တရားဝင်စာချုပ်စာတမ်းနဲ့ အလုပ်လုပ်နေမဟုတ်သလို ၉၃ % ကတော့ လူမှုဖူလုံရေးမရကြဘူးလို့လည်း ပြောပါတယ်။
စစ်အာဏာရှင်လက်အောက် နှစ်ပေါင်းများစွာနေလာရတဲ့ မြန်မာနိုင်ငံမှာ အလုပ်သမားရပိုင်ခွင့် အတွက် အကာကွယ်ပေးမှုမရှိပဲ ဖြစ်နေရာကနေ အရပ်သားအစိုးရပုံစံနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာချိန်မှာ အလုပ်သမားတွေရဲ့ လက်တွေ့အခြေနေကို ကုလသမဂ္ဂ က လေ့လာဆန်းစစ်ပြီး (From the Rice Paddy to the Industrial Park: Working Conditions and Forced Labour in Myanmar’s Rapidly Shifting Labour Market ) စပါးခင်းဆီမှ စက်မှုဥယာဉ်ဆီသို့ - အစီရင်ခံစာကို သြဂုတ်လ ၆ ရက် သောကြာနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
UNOPS ရဲ့လက်အောက်မှာရှိတဲ့ စီမံခန့်ခွဲမှုနဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးရံပုံငွေ အဖွဲ့ LIFT ရဲ့ လေ့လာမှုကနေ မိမိသဘောဆန္ဒမပါပဲ အလုပ်လုပ်နေရတဲ့ အလုပ်သမားက ၆၃ % ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။
ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းတာနဲ့ လက်ရှိဖြစ်ပွါးနေတဲ့ ကိုဗစ် ၁၉ တတိယလှိုင်း ဒဏ်ကြောင့် အလုပ်လက်မဲ့နှုန်းက တရှိန်ထိုး မြင့်တက်လာပြီး ၂၀၂၁ ဒုတိယ ၃ လပတ်ထဲမှာ အလုပ်သမား ၄၃ % အလုပ်အကိုင်လုံးဝဆုံးရှုံးခဲ့ရကြောင်းနဲ့ လက်ရှိနိုင်ငံရေး အခြေနေကြောင့် မြန်မာအလုပ်သမားတွေ အပေါ်သက်ရောက်မှုကို အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာလည်း အင်္ဂါနေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံက နောက်ဆုံး အခြေနေတွေကို ရှင်းလင်းတင်ပြဖို့ ရှိတယ်လို့လည်း အတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရက ပြောပါတယ်။
---------------------------------------