ပြည်နယ်တွေ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်ရတာ တိုးတက်မှု တခုလား

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ် (နေပြည်တော်- မေလ ၁၁ ရက်)

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကနေ ထူးခြားတဲ့ ဆုံးဖြတ်ချက် တစ်ခု ချနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ပြည်နယ်တွေအားလုံး ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့် ရရှိရေး သဘောတူခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်ကို တိုင်းရင်းသား အားလုံးလိုလိုက လက်နက်စွဲကိုင် ပုန်ကန် တိုက်ခိုက်ခဲ့ကြပါတယ်။ အကြောင်းကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ အတွက်ပါ။ ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးဖို့ဝေးလို့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ စကားလုံးကိုတောင် လက်ခံခဲ့တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ရောက်မှသာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုတဲ့ စကား ပြောဆိုလာပါတယ်။ အခု အင်န်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ဆက်ပြီး အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ အခုလို ကိုယ်ပိုင်ပြဌာန်းခွင့်လို့ ပြောနိုင်တဲ့ ပြည်နယ်တိုင်း ကိုယ်ပိုင် ဖွဲ့စည်းပုံ ရေးဆွဲပြဌာန်းခွင့် သဘောတူညီချက် ရခဲ့ခြင်းပါပဲ။ ပြည်နယ်တွေရဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံဟာ တိုင်းရင်းသား တန်းတူရေး အတွက် ဘယ်လောက် အရေးပါသလဲ၊ အခု ဒီ ဆွေးနွေးမှု ရလာဒ်ဟာ တကယ့် တိုးတက်မှု တစ်ခုလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ကျင်းပခဲ့တဲ့ UPDJC ဆွေးနွေးပွဲမှာ နိုင်ငံရေး ကဏ္ဍအောက်က အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုမူ၊ ပါတီစုံ ဒီမိုကရေစီ စနစ်ကျင့်သုံးရေး စတဲ့ အချက် (၇) ချက်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ အထဲကမှ ဘာသာရေးနဲ့ နိုင်ငံရေး ရောယှက်တဲ့ ကိစ္စကလွဲပြီး ကျန်ခေါင်းစဉ်အားလုံးကို သဘောတူညီချက် ရခဲ့ကြရာမှာ ပြည်နယ်တွေ အနေနဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေး ဆိုတာလည်း ပါဝင်လာတာပါ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ ပြည်နယ်တွေဟာ ဖွဲ့စည်းပုံ ပြဌာန်းချက် နောက်ဆက်တွဲ ဇယား(၂) ပါ ကိစ္စရပ်တွေကို သက်ဆိုင်ရာ လွှတ်တော် အသီးသီးကနေ ဥပဒေ ရေးဆွဲ ပြဌာန်းနိုင်ပေမယ့် ကိုယ်ပိုင် ဖွဲ့စည်းပုံ ရေးဆွဲအသုံးပြုနိုင်ရေး ကိစ္စကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါ့အပြင် ဇယား ၂ မှာ ခွင့်ပြုထားတဲ့ အချက်တွေကလည်း နည်းနေတဲ့အတွက် ပြည်နယ်နဲ့ တိုင်းတွေ အနေနဲ့ လုပ်ပိုင်ခွင့် နည်းနည်းလေးပဲ ရှိတယ်လို့ ဆိုရမှာပါ။

အခု သဘောတူလိုက်တဲ့ အချက်မှာ ပြည်နယ်တွေ အနေနဲ့ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲနိုင်တယ် ဆိုပေမယ့် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင်ထဲကပဲ ရေးဆွဲရမယ့်အပြင် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုသလောက်ကိုပဲ ပြဌာန်းလို့ ရမှာပါ။ ဒါ့အပြင် အဲဒီ ရေးဆွဲထားတဲ့ ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ကိုက်ညီ မကိုက်ညီ အငြင်းပွားခဲ့ရင် ပြည်ထောင်စု အဆင့်က ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို နာခံရမယ်လို့လဲ ဖော်ပြထားပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုရှိတဲ့အနက် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက တိုင်းနဲ့ ပြည်နယ် ၁၂ ခုရဲ့ လွှတ်တော်တွေမှာ အမတ်အများစု နေရာရပြီး လွှမ်းမိုးထားတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ ရခိုင်အမျိုးသားပါတီက အမတ်နေရာ အများစုနဲ့ လွှမ်းမိုးထားပြီး ရှမ်းပြည်နယ် လွှတ်တော်မှာတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ပေါင်းရင် အများစု နေရာယူထားနိုင်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ်လွှတ်တော်တွေဟာ ပြည်ထောင်စု လွှတ်တော်နဲ့ မဆိုင်ပဲ သီးခြားစီလို ဖြစ်နေတာကြောင့် အဲဒီ အင်န်အယ်လ်ဒီ လွှမ်းမိုးနိုင်ခြင်း မရှိတဲ့ လွှတ်တော်နှစ်ခုရဲ့ ဆုံးဖြတ်ချက် တစ်ချို့ဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။

ဥပမာအားဖြင့် ပြည်ထောင်စု အဆင့်က ဖွဲ့စည်းထားပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ရခိုင်ပြည်နယ် လွှတ်တော်က လက်မခံတဲ့အကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အဆင့် လွှတ်တော်ကရော၊ ပြည်ထောင်စု အစိုးရကပါ တစ်စုံတစ်ရာ တုန့်ပြန်တာ မတွေ့ရပါဘူး။ အလားတူ ရှမ်းပြည်နယ် လွှတ်တော်ကလည်း မြောက်ပိုင်းမဟာမိတ် တိုင်းရင်သား လက်နက်ကိုင် တပ်ဖွဲ့ လေးဖွဲ့ကို မတရားအသင်းအဖွဲ့တွေ အဖြစ် ဆုံးဖြတ်ကြေငြာထားပါတယ်။ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု အစိုးရရဲ့ သဘောထားနဲ့ ဆန့်ကျင်တဲ့ ရှမ်းပြည်နယ် လွှတ်တော်ရဲ့ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရကရော လွှတ်တော်ဘက်ကပါ တစ်စုံတစ်ရာ မှတ်ချက်ပေးတာမျိုး မတွေ့ရပါဘူး။ ဒါတွေက လက်ရှိ ဖြစ်နေတဲ့ အငြင်းပွားမှုတွေပါ။

တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ ကျင့်သုံးလာတာ နှစ်ပေါင်း ၂၀၀ ကျော်လာပြီဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တွေမှာလည်း ကိုယ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တွေ ရှိကြပါတယ်။ ဒါပေမယ့် စိတ်ဝင်စားသူ နည်းပါတယ်။ အားလုံး အဓိက အာရုံစိုက်ကြတာကတော့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ။ နောက်ထပ် အာရုံစိုက်ကြတာကတော့ ပြည်ထောင်စု အဆင့်မှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အပြန်အလှန် ထိန်းကျောင်းမှုပါ။ ဒါ့အပြင် ပြည်ထောင်စု အစိုးရ လုပ်ပိုင်ခွင့်နဲ့ ပြည်နယ် အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ပြသနာတွေကိုလည်း စိတ်ဝင်စားကြပါတယ်။

လက်ရှိ UPDJC မှာ ဆွေးနွေးပြီး သဘောတူညီချက် ရသွားတယ် ဆိုတာဟာ ဖက်ဒရယ် ပြည်ထောင်စုကို ဘယ်နည်းဘယ်ပုံ တည်ဆောက်မယ် ဆိုတဲ့ အထဲက ပုံသဏ္ဍာန် တစ်ခုကို သဘောတူလိုက်တာပဲ ဖြစ်ပါတယ်။ တကယ့် အနှစ်သာရကိစ္စတွေကိုတော့ မဆွေးနွေးရသေးပါဘူး။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပြည်ထောင်စု စနစ်နဲ့ ပတ်သက်ရင် အနှစ်သာရ မရှိတဲ့ အတုအယောင် ပြဌာန်းချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဥပမာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဖွဲ့စည်း တည်ရှိပုံဖြစ်ပါတယ်။ ဒီ လွှတ်တော်နှစ်ခုဟာ မဲဆန္ဒနယ်နဲ့ အမတ်အရည်အတွက် သတ်မှတ်ပုံ မတူတာကလွဲပြီး တစ်ခြား ဘာမှ ကွဲပြားခြားနားမှု မရှိပါဘူး။ အမေရိကန်နဲ့ နိုင်ငံတစ်ချို့မှာလို ဘယ်လွှတ်တော်ဟာ ဘယ်လိုကိစ္စမျိုးကို ကိုင်တွယ်ရမယ် ဆိုတာ တိတိကျကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဒါကြောင့် လွှတ်တော်နှစ်ခု ခွဲထားတာဟာ နာမည် ကွဲပြားတာကလွဲပြီး ဘာမှ မထူးဆိုတဲ့ သဘောပါပဲ။ နောက်တစ်ချက် လွှတ်တော်နှစ်ရပ် အဆင့်အတန်း တန်းတူညီမျှတယ် ဆိုတာကလည်း မမှန်ပါဘူး။ အမေရိကန်ပြည်ထောင်စုနဲ့ လွှတ်တော်နှစ်ရပ် စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဥပဒေ တစ်ရပ်ရပ်ဟာ လွှတ်တော်နှစ်ရပ်လုံးက သီးခြားစီ သဘောတူမှ အတည်ဖြစ်တာမျိုးပါ။ လက်ရှိ မြန်မာဖွဲ့စည်းပုံကတော့ အငြင်းပွားတာကို ပြည်ထောင်စု လွှတ်တော်လို့ ဆိုတဲ့ လွှတ်တော်နှစ်ရပ်ပေါင်းပြီး မဲခွဲတဲ့ စနစ် လုပ်ထားတာကြောင့် အမတ်အရည်အတွက်များတဲ့ ပြည်သူ့လွှတ်တော် ဘက်က အရေးသာနေတာ အထင်အရှား တွေ့နိုင်ပါတယ်။ ဒါဟာလက်ရှိ ဖွဲ့စည်းပုံမှာ အနှစ်သာရနဲ့ ပတ်သက်တဲ့ ပြသနာတွေ အများကြီး ရှိနေသေးတာတွေထဲက သာဓက တစ်ခုပါ။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ အရေးပါတဲ့ ပုံသဏ္ဍာန်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ သဘောတူညီမှု ရကြတာကိုတော့ ဝမ်းသာကြိုဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့ဆွေးနွေးပွဲတွေမှာ တကယ့် ဖက်ဒရယ်ပြည်ထောင်စု အနှစ်သာရ နဲ့ ဆိုင်တဲ့ ပြသနာတွေ စောင့်ကြိုနေပါသေးကြောင်း၊ အဲဒီဖြစ်စဉ်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းကြရဦးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Your browser doesn’t support HTML5

ပြည်နယ်တွေ ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်ရတာ တိုးတက်မှု တခုလား