မြန်မာမှာ နျူကလီယား ထုတ်လုပ်နိုင်ခြေ ရှိပြီလား

Myanmar Academy of Technology နည်းပညာကျောင်း အကြီးအကဲ ဒေါက်တာ ဦးသိန်းဦးဖိုးစော။

ယူရေနီယမ် သတ္တုကို သန့်စင်ပြီး နျူကလီယား လုပ်ငန်းတွေမှာ သုံးမယ်ဆိုရင် မြန်မာနိုင်ငံမှာ လုပ်နိုင်စွမ်း ဘယ်လောက် ရှိမယ် ဆိုတာကို ဒီတပါတ်မှာ ပြောပြပါရစေ။
မြန်မာနိုင်ငံက နျူကလီယား အသုံးပြုတဲ့ လက်ရှိ အနေအထားတွေကို စစ်တက္ကသိုလ် အငြိမ်းစား ပါမောက္ခ တဦးလည်းဖြစ် လက်ရှိ Myanmar Academy of Technology နည်းပညာကျောင်း အကြီးအကဲတာဝန်လည်း ထမ်းဆောင်နေတဲ့ နျူကလီယားအင်ဂျင်နီယာ ဒေါက်တာ ဦးသိန်းဦး ဖိုးစောက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောပြပေးခဲ့ပါတယ်။

အရင် Illinois တက္ကသိုလ်က Triga Mark II Nuclear Reactor မှာ လိုင်စင်နဲ့ အလုပ်မလုပ်ခင်က အမေရိကန်ပြည်ထောင်စု Colorado School of Mines မှာ သတ္တုဗေဒ အင်ဂျင်နီယာဘွဲ့ ယူလာတဲ့ သူမို့ နျူကလီယား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ယူရေနီယမ်လို သတ္တုတွေ မြန်မာနိုင်ငံမှာ ဘယ် အတိုင်းအတာအထိ ထုတ်ယူနိုင်တယ် ဆိုတာနဲ့ ယူရေနီယမ်သန့်စင်တဲ့ အနေအထားတွေကိုပါ မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဆရာတို့အနေနဲ့က နျူကလီယားကို စစ်ဘက်သုံးဖြစ်ဖြစ် တခြားသုံးတာပဲဖြစ်ဖြစ် လုပ်ဖို့ ဆန္ဒမရှိဘူး။ ဘာ့ကြောင့်မရှိလဲ ဆိုတော့ ၁ အချက်က ကျနော်တို့ အားလုံးလုပ်နေတာတွေသည် Academic အတွက်ပဲ။ ကျနော်တို့ နိုင်ငံက နျူကလီယားထုတ်ရင် ဘယ်မှာ သွားသုံးမလဲ။ နျူကလီယား လက်နက်ရလို့ နောက်ဖေးခြံမှာ သွားဖောက်လို့ မရဘူး။ ဆရာတို့ မြန်မာနိုင်ငံ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အကုန်လုံး သင့်သင့် မြတ်မြတ်နေတာ။ ရန်လိုလို့ ပို့ချင်တယ် ဆိုရင်တောင် ဘယ်မှာလဲ delivery system တင်ပို့တဲ့စံနစ်၊ ရော့ကက်တို့ missiles တို့ ရှိရမယ်။ အဲဒါလည်း မရှိဘူး။ ဆရာတို့ နိုင်ငံမှာ delivery system ဆိုတာ စကို မလုပ်ရသေးဘူး။ ရှိလည်းမရှိဘူး။ အဲဒါကြောင့် ဘာမှ စိတ်ဝင်စားမှု မရှိဘူး။ အကုန်လုံးလုပ်တယ် ဆိုတာက scientific interest academic interest သိပ္ပံဆိုင်ရာအတွက် စိတ်ဝင်စားလို့ လေ့လာတာ။ ဆရာတို့ နိုင်ငံမှာ ယူရေနီယမ် သတ္တုသိုက်တွေ ရှိတယ်။ အဲဒါတွေကို ဘယ်လိုထုတ်ယူလို့ ရမလဲ။ အဲဒီလောက်ပဲ ရှိတယ်။

ဟုတ်ကဲ့ပါ။ ဆရာက အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို Colorado School of Mines မှာ ပညာသင်ခဲ့ တယ်။ ဆိုတော့ မြန်မာနိုင်ငံထဲမှာ ယူရေနီယမ်လိုမျိုး ရေဒီယို သတ္တိကြွ ဓာတ်သတ္တုတွေ ဘယ်လောက်များများ ဘယ်လိုမျိုး အမျိုးအစားတွေရှိတယ်၊ အတိုင်းအတာ ဘယ်လောက်များများ ရှိတယ် ဆိုတာကို ပြောပြပေးပါ။

ဆရာတို့ ဆီမှာ သိုရီယမ် Thorium ရှိတယ်။ ယူရေနီယမ်ရှိတယ်။ သိုရီယမ်က မိုးကုတ် ကျောက်မျက်တွေ ထွက်နေတဲ့နေရာတွေမှာ ရှိတယ်။ နောက်တခါ တောင်ကြီး ပင်းပက်။ အဲဒီမှာ သံသတ္ထုရိုင်း iron ore deposit သတ္တုသိုက်ရှိတယ်။ အဲဒီမှာ ရောပြီးတော့ ယူရေနီယမ် ပါတယ်။ pure uranium ယူရေ နီယမ် သန့်သန့် ပါတာမဟုတ်ပါဘူး။ secondary deposit တွေ ပါ။ အဲဒီမှာလည်းပဲ များများ စားစား ရှိတာမဟုတ်ပါဘူး။ ဘာမှသိပ်မရှိဘူး။ အဲဒီဥစ္စာကို ယူပြီးတော့ yellow cake ဆိုတဲ့ ယူရေနီယမ် အောက်ဆိုက် ထုတ်ဖို့ ကြိုးစားနေတုန်းပါ။ အဆင်မပြေသေး ပါဘူး။ အဲဒါလည်း academic အတွက် scientific အတွက်ပါပဲ။
ယူရေနီယမ် ဘယ်လောက် များများ ရှိပါသလဲဆရာ။

a few hundred tons တန်ချိန်ရာဂဏန်းလောက်ရှိမှာပါ။ ဒါကလည်း ဆယ်တန်၊ တန်တရာလောက်ပဲ ရှိတယ်။ ထုတ်လို့မရသေးပါဘူး။

သိုရီယမ်ကရော ဘယ်လောက်ရှိပါသလဲ။

သိုရီယမ်ကတော့ ဘာမှ သိပ်မရှိပါဘူူး။ ယူရေနီယမ်လောက်တောင် မရှိဘူး။ ယူရေနီယမ်ကလည်း secondary deposit လေးတွေပါ။

ယူရေနီယမ်နဲ့ သိုရီယမ်အပြင် တခြား ဘာတွေ ရှိပါသေးလဲဆရာ။

ရေဒီသတ္တိကြွတာ ဆိုရင် ရှိတာက သိုရီယမ်နဲ့ ယူရေနီယမ်ပဲ ရှိတယ်။ အဲကျန်တဲ့ metals သတ္တုတွေ ကတော့ အများကြီးရှိတယ်။ တချို့ အဲဒီမှာ နည်းနည်းပါးပါး ရေဒီယိုအက်တစ် (Radio Active) ဖြစ်တဲ့ဟာတော့ ပါရင်ပါမှာပေါ့။ ဒါပေမယ့် စီးပွားဖြစ်သော်လည်းကောင်း၊ technically နည်းပညာပိုင်း ဆိုင်ရာအတွက် သုံးလို့ ရလောက်တဲ့ ပမာဏ မရှိပါဘူး။ ယူရေနီယမ်လေးပဲ နည်းနည်းပါးပါး ရှိတယ်။

နျူကလီယားနဲ့ ပတ်သက်လို့ ကျနော်တို့ နိုင်ငံမှာ လူတွေက ကောလာဟဠနဲ့၊ သံသယနဲ့ လျှောက်ပြော နေတာ။ ဆရာတို့ နိုင်ငံမှာ လေ့လာခဲ့ဖူးတယ်။ ဆရာတို့ နိုင်ငံမှာ ယူရေနီယမ် သတ္တုသိုက်တွေ ရှိတယ်။ အဲဒီသိုက်တွေဘယ်လောက်ရှိတယ်ဆိုတာ ဆရာကိုယ်တိုင်တိုင်းခဲ့တာ။ ယူရေနီယမ် ရှိယုံနဲ့လည်း ဘာမှ လုပ်လို့ မရဘူး။ ယူရေနီယမ်ကို scientific interest academic interest အတွက် concentrate လုပ်မယ်၊ yellow cake လုပ်မယ်။ ဒါပေမယ့် ယူရေနီယမ်သက်သက်က ဘာမှလုပ်လို့ မရဘူး။
လူတွေက ထင်နေကြတယ်။ ယူရေနီယမ်ရှိရင် အားလုံးလုပ်လို့ ရတယ်ထင်တာ။ ဘာမှ လုပ်လို့မရဘူူး။

pure uranium ၉၉% သန့်တဲ့ယူရေနီယမ်တောင်မှ ဘာမှ လုပ်လို့ မရဘူး။ လူတွေက ဘာနဲ့ မှားနေလဲ ဆိုတော့ အများအားဖြင့်က- ဆရာတို့ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းပဲ uninformed ဖြစ်ပြီးတော့ ယူရေနီယမ်နဲ့ လုပ်ချင်ရာလုပ်လို့ ရတယ် ထင်တာ။ ယူရေနီယမ်ကို concentrate လုပ်ပြီး purified လုပ်လုပ် စောစောကပြောသလိုပဲ ၉၉.၉၉% ရရင်တောင်မှ ဘာမှ လုပ်လို့ မရသေးဘူူး။ အဲဒီ ယူရေနီယမ်ကို enrich လုပ်မှ။
အဲဒီ enrich လုပ်တာနဲ့ pure လုပ်တာနဲ့ကို ရောနေကြတယ်။ enrich လုပ်တယ် ဆိုတာက အဲဒီ pure uranium မှာရှိတဲ့ ရေဒီယို အိုင်ဆိုတုပ် (radio isotope-)ဟာ ယူရေနီယမ် ၂၃၈ လို့ ခေါ်တယ်။ အဲဒီ ယူရေနီယမ် ၂၃၈ က ၉၉%လောက်ရှိတယ်။ ကျန်တဲ့ အသုံးချလို့ ရတဲ့ ယူရေနီယမ် ၂၃၅ က ဝ.၇၅ % လောက်ပဲ ရှိတယ်။ အဲဒီ ယူရေနီယမ် ၂၃၅ ကို ဝ.၇၅ % ကနေပြီးတော့ အသုံးချလို့ ရအောင် ၃%- ၄% ၂၀%- ၃၀% ။ အဲ ဗုံးတွေ ဘာတွေ လုပ်မယ် ဆိုရင်တော့ ၇၀%- ၈၀% တွေ အထိ လုပ်ရ မှာပေါ့လေ။ အဲဒီလို လုပ်တာကို enrich လုပ်တယ်လို့ ခေါ်တယ်။


အဲဒီ enrichment process ကို လုပ်နိုင်တာက ကမ္ဘာမှာ လက်ချောင်းလေးနဲ့ ချိုးရေလို့ရ တဲ့ နိုင်ငံ လောက်ပဲ ရှိမယ်။ တချို့ နျူကလီယား လက်နက် (nuclear weapon) ရှိတဲ့ နိုင်ငံတွေ မှာတောင်မှ အဲလို enrich လုပ်တဲ့ facility တွေ မရှိဘူး။ အဲလို enrich လုပ်တဲ့ facility ကလည်း လွယ်လွယ်ကူကူနဲ့ လမ်းဘေးက workshop မှာ လုပ်လို့ ရတာမဟုတ်ဘူး။ အင်မတန်မှ sophisticated ပစ္စည်းတွေနဲ့ အဆင့်ဆင့်လုပ်ရတဲ့ဥစ္စာ။

ဆရာတို့အနေနဲ့က မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ပူးပေါင်းပြီး လုပ်တယ်တို့-ဘာတို့.. အဲဒီ မြောက်ကိုရီးယားမှာတောင်မှ အဲဒါတွေ ဘာတွေ မရှိသေးဘူး။ မြောက်ကိုရီးယားကိုယ်တိုင်က သူတို့မှာ နျူကလီယားလက်နက်ကို သေသေချာချာ လုပ်နိုင်တဲ့ အဆင့်အတန်း မရှိသေးဘူး။ ဆရာတို့အနေနဲ့က အဲဒီ နျူကလီးယားအတွက်လည်း military used (စစ်သုံး) ပဲဖြစ်ဖြစ်၊ တခြားအသုံးအတွက်ပဲဖြစ်ဖြစ် သုံးဖို့က ဘာမှဆန္ဒမရှိဘူး။
မြန်မာနိုင်ငံအတွက်ပေ့ါနော်- နျူကလီယား ဘာသာရပ်မှာ တိုးတက်လာအောင် ပထမဦးဆုံး ဘာ လုပ်သင့်တယ်လို့ ထင်ပါလဲ။

ဘာလုပ်သင့်လဲဆိုလို့ရှိရင် ပထမဦးဆုံး လူမွေးရမှာပေါ့။ ပညာရှင် လူမွေးရမှာပေါ့။ ဒီမှာ သင်တန်းတွေ ပို့ချရမယ်၊ နိုင်ငံခြားမှာသွားပြီး ပညာသင်ရမယ်။ ကောင်းတာကတော့ နိုင်ငံခြားက expert တွေ ဒီမှာ လာသင်ရင်တော့ ကောင်းတာပေါ့။ နိုင်ငံခြားကိုသွားပြီး ပညာ သင်ရမယ် ဆိုရင် တစ်ယောက်၊ နှစ်ယောက်ပဲ သွားနိုင်မယ်။ နောက်တစ်ခုက NDP (Neutron depth profiling technique) ဆိုတဲ့ non destructive ဘာမှဖျက်ဆီးမှုမရှိတဲ့ နည်းပညာနဲ့ ပတ်သက်လို့ ဆိုလို့ရှိရင်လည်း IAEA က နေပြီးတော့ လာတယ်။ ဒီမှာပဲ သင်တန်းပို့ချပေးတယ်။ ကိုယ်တိုင် ဝင်ပါပြီး ပို့ချပေးတယ်။ အခုဆိုလို့ရှိရင် အဲဒီကလေးတွေဟာ Independently သူတို့ဖာသာသူတို့ လုပ်နိုင်တဲ့ အခြေအနေတွေ ရှိနေပြီ။ အဲပစ္စည်းပစ္စယတွေတော့ မရှိဘူး။ ဖြစ်နိုင်လို့ရှိရင် multipurpose reactor လေး တစ်ခုပေး။ multipurpose ဘက်စုံသုံးဖို့ဆိုလို့ရှိရင် isotope လည်း ထုတ်လို့ရမယ်။ training လည်း လုပ်လို့ရမယ်။ energy လည်း စမ်းထုတ်လို့ရမယ်။ အဲလောက်ပဲလိုတယ်။

ဟုတ်ကဲ့ပါဆရာ။

ခုန Power Reactor တောင်မှ ဆရာတို့မှာ Hydro ရေအားအရင်းအမြစ် resources တွေက အများကြီးရှိတယ်။ ထောင်နဲ့ သောင်းနဲ့ချီ ရှိတယ်။ -Inter University Collaboration နဲ့ အဲဒီက ဆရာတွေ ဒီမှာလာသင်ပေးမယ်၊ ပို့ချမယ်။ သင်ထောက်ကူပစ္စည်းပေးမယ်၊ သိပ်ကောင်းတာပေါ့။ အထူးသဖြင့် အဲဒီသင်ထောက်ကူပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာသုံး medical use ပစ္စည်းတွေ ပေးစေချင်တယ်။ ဆရာတို့မှာ nuclear medicine ဆို သိပ်ကိုနောက်ကျနေပြီ။
Myanmar Academy of Technology နည်းပညာကျောင်း အကြီးအကဲ ဒေါက်တာ ဦးသိန်းဦးဖိုးစောရဲ့ ပြောကြားချက်နဲ့ပဲ ဒီသီတင်းပတ်အတွက် သိပ္ပံနဲ့ နည်းပညာကဏ္ဍကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။


အဓိပ္ပာယ်ဖွင့်ဆိုချက်များ။
Isotope - ဒြပ်စင်တစ်ခုတည်းမှ ခြားနားသော အဏုမြူအလေးချိန်နှင့် ခြားနားသော နျူကလီယားသတ္တုများရှိသော ပုံသဏ္ဍန်နှစ်ရပ် (သို့မဟုတ်) နှစ်ရပ်မကအနက် တစ်ခုခု။
Reactor - အဏုမြူ ဓာတ်ပေါင်းဖို
Pure - သန့်စင်သည်။
Enrich - ကြွယ်ဝလာစေသည်။ (လိုချင်သောအမျိုးအစားသက်သက်ကိုသာ ပိုပြီးပါလာသည်အထိ သန့်စင်ခြင်း။)