အမေရိကန် ရဟတ်ယဉ် ပစ်ခတ်သူများ နေတိုးလက်ချက်နဲ့ သေဆုံး

အမေရိကန် ရဟတ်ယဉ် ပစ်ခတ်သူများ နေတိုးလက်ချက်နဲ့ သေဆုံး

အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဂျွန် အယ်လန် (John Allen) က အာဖဂန်နိုင်ငံ ကဘူးမြို့ထဲမှာ ဗွီဒီယိုကတဆင့် ပြုလုပ်တဲ့ အစည်းအဝေး ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ ၆ ရက်နေ့ကတည်းက ဝါဒတ်ခ် (Wardak) ပြည်နယ် အလယ်ပိုင်းက တာလီဘန် သူပုန်တွေနောက်ကို လိုက်နေခဲ့ပြီး အင်္ဂါနေ့က တာလီဘန် စစ်သွေးကြွတွေရဲ့ နေရာတခုကို လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ ခေါင်းဆောင် မူလာ မိုဟီဘူလာ (Mullah Mohibullah) နဲ့ သူပုန်အများအပြား သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီသေဆုံးသူတွေထဲ တန်ဂီ တောင်ကြား (Tangi Valley) မှာ CH-47 ရဟတ်ယာဉ်ကို ပစ်ချခဲ့သူလည်း ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။ မိုဟီဘူလာနဲ့ အဲဒီ သေနတ်သမားတို့က ထွက်ပြေးဖို့ ကြိုးစားနေချိန်မှာ အခုလို တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွင်း ရဟတ်ယာဉ်ပျက်ကျ သေဆုံးမှုဟာ ကာလရှည်ကြာနေတဲ့ အာဖဂန်စစ်ပွဲအတွင်း အမေရိကန်ဘက်က အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ပြီး အမေရိကန် ၃၀ နဲ့ အာဖဂန်စစ်သား ၈ ဦးတို့ သေဆုံးခဲ့ပါတယ်။

တဘက်မှာတော့ အာဖဂန်တောင်ပိုင်းမှာ နေတိုးတပ်ဖွဲ့ဝင်တွေနဲ့ အာဖဂန် ရဲတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားပြီး အာဖဂန် ရဲအရာရှိ ၄ ယောက် သေဆုံးခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။