ကချင်ပြည်နယ်ကို အမေရိကန်သံအမတ်သွားရောက်မှုက ကချင်ပြည်နယ်ရဲ့စိုးရိမ်ရတဲ့ အခြေအနေကို မီမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ကချင်အရေး တက်ကြွသူတွေကပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် မငြိမ်သက်မှုတွေတိုးလာနေတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကချင်ပြည်နယ်ကို သုံးရက်တာ သွားရောက်ခဲ့ပါတယ်။ အသေးစိတ်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Derek Mitchell နဲ့ သူ့ဇနီးတို့ဟာ အောက်တိုဘာလ ၂၅ ရက်ကနေ ၂၇ ရက်အထိ ကချင်ပြည်နယ်ကို သုံးရက်ကြာ သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တင်းမာမှုတွေတိုးလာတာနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက အထူးစိုးရိမ်တဲ့အကြောင်း သံအမတ် Mitchell က သူ့ရဲ့ ခရီးစဉ်အတွင်း ပြောသွားပါတယ်။ ကချင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ အာရှပစိဖိတ်ဒေသဆိုင်ရာ ပြောခွင့်ရသူတဦးက အခုလိုပြောပါတယ်။
“အမေရိကန်အစိုးရက ကချင်ပြည်နယ် ဖားကန့်ဒေသအတွင်း တင်းမာမှုတွေတိုးလာတဲ့အပေါ် အထူးစိုးရိမ်မှုတွေရှိကြောင်း သံအမတ် Derek Mitchell က ပြောသွားမယ်လို့ ထင်ပါတယ်။ ဒေသခံတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူတွေကို အမေရိကန်ပြည်ထောင်စုက ကာကွယ် စောင့်ရှောက်မှုတွေ ပေးသွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပဋိပက္ခတွေနဲ့ ပတ်သက်ရင် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ မတူကွဲပြားမှုတွေကို ဖြေရှင်း ကျော်လွားနိုင်မှာ ဖြစ်ပြီး ကချင်ဒေသသာမက၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ခိုင်မာတဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာပါ။”
သံအမတ်ကြီး Mitchell ရဲ့ခရီးစဉ်အတွင်း ကချင်လူမှုအသင်းအဖွဲ့တွေ၊ ကျောင်းသားတွေ၊ အန်ဂျီအိုက ခေါင်းဆောင်တွေ၊ အစိုးရအရာရှိတွေ၊ နိုင်ငံရေး သမား ပါတီခေါင်းဆောင်တွေအပြင် ကချင်ဝန်ကြီးချုပ် Lajon Ngan Seng တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေရဲ့စခန်းတွေကိုလည်း သွားရောက်ပြီး အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လိုလားတာင့်တချက်နဲ့ ၁၉၉၄ ခုနှစ်ကရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး၊ လွန်ခဲ့တဲ့သုံးနှစ်ကပျက်ပြယ်သွားခဲ့တဲ့နောက် ဗမာအစိုးရအပေါ် မယုံမကြည်ဖြစ်ခဲ့ရတဲ့အကြောင်းကို သံအမတ်အနေနဲ့ အများဆုံးကြားခဲ့ရကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ပြောဆိုထားပါတယ်။
အမေရိကန်သံအမတ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ Gum San ကတေ့ာ အမေရိကန်သံအမတ်ရဲ့ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံ အလုံးစုံ ပြည်လည်တည်ဆောက်ရေးအတွက် အမေရိကန်အစိုးရဘက်က ကြိုးပမ်းမှုဖြစ်လို့ သူ့အနေနဲ့ကျေနပ်အားရကြောင်းနဲ့ အခုလို အမေရိကန်သံအမတ် သွားရောက်မှုဟာ မြန်မာတိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရရဲ့ ပူပန်မှုတွေကို ပြသရာဖြစ်သလို တချိန်တည်းမှာပဲ ကချင်ဒေသမှာ စိုးရိမ်စရာတွေ ရှိနေဆဲပဲဆိုတာကို ပြသရာရောက်တယ်လို့ အခုလို ဆိုပါတယ်။
“အိုဘားမားရဲ့ ဗမာပြည် reform ပေါ့နော်၊ Comprehensive reform ကို ကြိုးစားနေတဲ့သဘောသဘာဝကို ဖော်ပြတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ နောက်တခုကတော့ ကျနော်တို့ကချင်ပြည်နယ်မှာရော မငြိမ်းချမ်းသေးဘူးဆိုတာ၊ အပြည့်အဝ ငြိမ်းချမ်းမှု မရှိသေးဘူးဆိုတာကိုရော ပြသတာပေါ့နော်။ အဲဒါကို ကျနော်တို့က ကျေးဇူးတင်ပါတယ်။ High light လုပ်တာကိုပေါ့။”
အခုဖြစ်ပွးနေရတဲ့ တိုက်ပွဲတွေဟာလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးမရှိတာနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိသေးကြောင်း ပြသနေတာ ဖြစ်ပြီး အားလုံးဟာ နိုင်ငံရေးကြောင့်ဖြစ်ပြီး စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အစိုးရဘက်က အပြည့်အ၀ လိုလားပုံမရဘူးလို့ ကချင် မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ Gum San ကပြောပါတယ်။
“အစိုးရကနေပြီးတော့ ဒီနိုင်ငံကို ဘယ်လို - ဥပမာတခု အဖြစ်နဲ့ ပြောမယ်ဆိုရင် လူ့အခွင့်အရေးပေါ့နော်၊ အခု ကိုပါကြီး ကိစ္စတို့ဆိုရင် - လူူူ့အခွင့်အရေး အပြည့်အဝ မရှိသေးတာ၊ နောက်ပြီးတော့ တိုင်းရင်းသား ကိုယ်ပိုင် ပြဌာန်းခွင့် မရှိသေးတာ။ အဲဒါတွေနဲ့ ဆိုင်တာပါ။ ဒီဟာက အားလုံးက နိုင်ငံရေးကြောင့်ပဲဖြစ်တာပါ။ အစိုးရကနေပြီးတော့ တကယ်ကို စစ်မှန်တဲ့ ပြည်ထောင်စုကို ဖော်ဖို့၊ တကယ် အပြည့်အဝ တွန်းဖို့ စိတ်ထဲမှာ မရှိသေးဘူးလို့ပဲ ယုံကြည်ပါတယ်။”
မစ္စတာ မစ်ချဲလ်ဟာ အမေရိကန်သံအမတ်အဖြစ်နဲ့ ကချင်ပြည်နယ်ကို သွားရောက်ခဲ့တာ ဒါဟာ တတိယအကြိမ်ဖြစ်ပြီး ၂၀၁၂ ဒီဇင်ဘာလနဲ့ ၂၀၁၃ ခု၊ အောက်တိုဘာလ တုန်းကလည်း သွားရောက်ခဲ့ပါသေးတယ်။ အမေရိကန်အစိုးရအနေနဲ့ ၂၀၁၁ ခုနှစ်ကစလို့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေအတွက် လူမှုရေးအကူအညီတွေထောက်ပံ့ပေးနေခဲ့တာပါ။ မြန်မာနိုင်ငံက လူမှုရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Metta Development Foundation ကတဆင့် ကချင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေအတွက် အမိုးအကာ ပြင်ဆင်တည်ဆောက်ရေး၊ စိုက်ပျိုးရေးနဲ့ တကိုယ်ရေ သန့်ရှင်းရေးနဲ့ပတ်သက်လို့ သင်တန်းပို့ချပေးတာမျိုးတွေကိုလည်း လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။