ဘင်္ဂလားဒေရှ့်ဆိုင်ရာ ကန်သံအမတ်ကြီး လိုက်ပါလာတဲ့ကား ဒါကာမြို့မှာ တိုက်ခိုက်ခံရ

ဘင်္ဂလားဒေရှ့် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Marcia Bernicat

ဘင်္ဂလားဒေရှ့် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Marcia Bernicat လိုက်ပါလာတဲ့ ကား - မနေ့ စနေနေ့ည နှောင်းပိုင်း မြို့တော် ဒါကာမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်း တခုက အကြီးအကဲရဲ့ နှုတ်ဆက်ညစာစားပွဲက အပြန်မှာ အခုလို တိုက်ခိုက်ခံရတာပါ။

Mohammadpur အရပ်မှာ သံအမတ်ကြီး လိုက်ပါလာလာတဲ့ ကားကို လက်နက်ကိုင် အမျိုးသား အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ဒီထဲက တချို့က ဆိုင်ကယ်တွေနဲ့ ဖြစ်ကြောင်း၊ သံအမတ်ကြီးနဲ့ သူမရဲ့ လုံခြုံရေး အဖွဲ့တို့ကတော့ အဲဒီနေရာကနေ ထိခိုက်မှု မရှိဘဲ ထွက်ခွာလာနိုင်ခဲ့ကြောင်း ဒက္ကာ မြို့တော်က အမေရိကန် သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သံအမတ်ကြီး၊ သူမရဲ့ ယာဉ်မောင်းတွေ၊ လုံခြုံရေး ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ မရကြောင်း၊ ဒါပေမယ့်လည်း လုံခြုံရေး ကား ၂စင်းကတော့ အနည်းငယ် ပျက်စီးသွားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တိုက်ခိုက်ခံရမှုကို မြန်မြန်ဆန်ဆန်နဲ့ ကျွမ်းကျင် ပိုင်နိုင်စွာ ဆောင်ရွက်ပေးခဲ့မှု အတွက် ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်းလည်း ဒက္ကာမြို့တော်က အမေရိကန် သံရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေး ဆောင်ရွက်တဲ့ The Hunger Project ရဲ့ ဒုတိယ ဥက္ကဌလည်းဖြစ် ဘင်္ဂလားဒေရှ်ဆိုင်ရာ ညွှန်ကြားရေးမှူးလည်း ဖြစ်တဲ့ Badiul Alam Majumder အတွက် ကျင်းပတဲ့ ညစာစားပွဲကို သံအမတ်ကြီး Bernicat တက်ရောက်ခဲ့တာပါ။ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Kamal Hossain လည်း အဲဒီ ညစာစားပွဲကို တက်ရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ မြို့တော် ဒက္ကားမှာ ယာဉ်သွားယာဉ်လာ အခြေအနေ အပေါ် ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ ဆန္ဒပြနေကြတာပါ။ ဒါပေမယ့် မနေ့ စနေနေ့က အမေရိကန် သံအမတ်ကြီးကို တိုက်ခိုက်ခဲ့မှုက ဒီဆန္ဒပြပွဲတွေနဲ့ ပတ်သက်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

Your browser doesn’t support HTML5

ဘင်္ဂလားဒေရှ့်ဆိုင်ရာ ကန်သံအမတ်ကြီး လိုက်ပါလာတဲ့ကား ဒါကာမြို့မှာ တိုက်ခိုက်ခံရ