အမေရိကန်နဲ့ ပစိဖိတ်ရပ်ဝန်း ၈ နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်ရ

APEC ထိပ်သီးစည်းဝေး တက်ရောက်နေသည့် အမေရိကန်သမ္မတ ဘရက်အိုဘားမား။ (နိုဝင်ဘာလ ၁၂၊ ၂၀၁၁)

ပစိဖိတ်ဒေသတွင်း လွတ်လပ်စွာကုန်သွယ်ရေး ဇုံတစ်ခုဖန်တီးဖို့ အမေရိကန်ပြည်ထောင်စု အပါအဝင် တခြား ၈ နိုင်ငံနဲ့ သဘောတူညီမှုရခဲ့ပြီလို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူကျွန်းမှာ ၂ ရက်ကြာကျင်းပနေတဲ့ APEC လို့ခေါ်တဲ့ အာရှ ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ မနေ့ကပဲ သမ္မတအိုဘားမားက ပြောခဲ့တာပါ။

အမေရိကန်၊ သြစတြေးလျ၊ ဘရူနိုင်း၊ ချီလီ၊ မလေးရှား၊ နယူးဇီလန်၊ ပီရူး၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံတေ ွပါဝင်တဲ့ လွတ်လပ်စွာကုန်သွယ်ရေးဇုံတစ်ခု ဖန်တီးသွားမှာပါ။ အသေးစိပ်ကိုတော့ ဆက်ပြီးတော့လုပ်ဆောင်ဖို့ ကျန်နေသေးတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့လည်း သဘောတူညီချက်ကတော့ အသေအချာကို ရခဲ့ပါပြီလို့ဆိုပါတယ်။

ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း မနေ့က ထုတ်ပြန်ခဲ့ပြီး အခုလို ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ရခဲ့တာဟာ ပစိဖိတ်ဒေသတဝှမ်းက နိုင်ငံတွေအကြား စီးပွားရေးအရ အဆက်အသွယ်ရတဲ့ ထူးခြားတဲ့မှတ်တိုင်တစ်ခုပဲလို့ သဘာတူခဲ့ကြတဲ့ ၉ နိုင်ငံခေါင်းဆောင်တွေက ပြောပါတယ်။

ဒီသဘောတူညီချက်ကြောင့် တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်စပ်ပြီး လုပ်ကိုင်ကြခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်မားလာမှာဖြစ်သလို ဆင်းရဲမှုတွေကိုလည်း လျှော့ချသွားနိုင်လိမ့်မယ်၊ အလုပ်အကိုင်သစ်တွေလည်း ပိုပြီးဖန်တီးလာနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း နိုင်ငံခေါင်းဆောင်တွေက ပြောပါတယ်။

သမ္မတအိုဘားမားရဲ့ အာရှတိုက် ၉ ရက်ကြာ ခရီးစဉ်အတွင်းမှာ အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေးခိုင်မာမှုတွေ တိုးတက်လာအောင် လုပ်ဆောင်သွားမှာပါ။ အဲဒီ ကုန်သွယ်ရေးဇုံအဖွဲ့မှာ ဂျပန်နိုင်ငံက ပါဝင်ဖို့စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံကတော့ အဲဒီဆွေးနွေးပြောဆိုမှုမှာ မပါဝင်ပါဘူး။ ဒါပေမဲ့ အာရှ ပစိဖိတ်ဒေသမှာ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံ တခုပေါ်လာအောင် ကြိုးပမ်းနေတာတွေကို တရုတ်ဘက်က ထောက်ခံ အားပေးပါတယ်လို့ တရုတ်သမ္မတ ဟူဂျင်တောင်းက ပြောပါတယ်။