ကန် ထိန်းသိမ်းထားစဉ် ကလေးငယ်တဦး သေဆုံးမှု စုံစမ်းမည်

အမေရိကန် နယ်စပ်လုံခြုံရေး အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ဂွာတီမာလာ ကလေးတဦး ထပ်မံ သေဆုံးသွားတဲ့အတွက် အကြောင်းရင်းကို သိနိုင်အောင် စုံစမ်းဖော်ထုတ်ဖို့ လွှတ်တော်အမတ်တဦး အပါအဝင် တိုက်တွန်းမှုတွေ ထွက်ပေါ်လာပါတယ်။

အသက် ၈ နှစ်အရွယ် Felipe Gomez Alonzo ဟာ New Mexico ပြည်နယ်က ဆေးရုံပေါ်မှာ ခရစ္စမတ်နေ့အကူးမှာ သေဆုံးခဲ့တာဖြစ်ကြောင်း အာဏာပိုင်တွေ အတည်ပြုခဲ့တာပါ။ ဒီမတိုင်ခင် နာရီပိုင်းအကြာမှာတုန်းကလည်း အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တဦးဟာလည်း ဂွာတီမာလာက ကျေးရွာမှာ ဆင်းဆင်းရဲရဲနဲ့ သေဆုံးခဲ့တာပါ။ တက္ကဆက်ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Beto O'Rourke ကတော့ သေဆုံးမှုကို စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သေဆုံးသူကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ကို ထိန်းသိမ်းထားစဉ် တနင်္လာနေ့မှာ ကလေးငယ် နေထိုင်မကောင်းတဲ့လက္ခဏာ တွေ့ခဲ့ရကြောင်းလည်း အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးဌာနက ပြောဆိုခဲ့တာပါ။ အအေးမိပြီး ဖျားနာနေတဲ့ ကလေးငယ်ကို ဆေးပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဆရာဝန်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း နေမကောင်း ပြန်ဖြစ်ရာက ဆေးရုံကိုပြန်ပို့ခဲ့ရပြီး၊ တနင်္လာနေ့ည သန်းခေါင်ကျော် အချိန်မှာပဲ သေဆုံးသွားခဲ့တာပါ။

သေဆုံးတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသလို အသက် ၇ နှစ်အရွယ် Jakelin Caal ဆိုသူ မိန်းကလေးငယ် နေထိုင်မကောင်းဖြစ်ပြီး သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကိုလည်း တိတိကျကျ မသိရပါဘူး။ နယ်စပ်လုံခြုံရေး အရာရှိတွေကတော့ အမေရိကန်မှာ အလုပ်လုပ်ဖို့ တရားမဝင် ရောက်လာတဲ့ ဖခင်ဖြစ်သူနဲ့အတူ နယ်စပ်ဖြတ်ကျော်လာချိန်မှာ သေဆုံးသူကလေးငယ်ဟာ အစာရေစာ လုံလုံလောက်လောက် စားခဲ့ရပုံ မရဘူးလို့လည်း ယူဆနေကြပါတယ်။ လွှတ်တော်အမတ် O'Rourke ကတော့ လွန်ခဲ့တဲ့တနှစ်အတွင်း နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးပမ်းရင်း သေဆုံးတဲ့ ကလေးငယ် ၇ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ကန် ထိန်းသိမ်းထားစဉ် ကလေးငယ်တဦး သေဆုံးမှု စုံစမ်းမည်