အမေရိကန်ဘတ်ဂျက်ပြဿနာ အကြိတ်အနယ်ဆွေးနွေး

အမေရိကန်ဘတ်ဂျက်ပြဿနာ အကြိတ်အနယ်ဆွေးနွေး

မကြာခင်နာရီပိုင်းအတွင်း အမေရိကန်စံတော်ချိန် သောကြာနေ့ည သန်းခေါင်ချိန်မှာ ဒီနှစ်အတွက် အမေရိကန်အစိုးရရဲ့ သတ်မှတ်ထားတဲ့ အသုံးစရိတ် ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီလိုကုန်ဆုံးသွားမယ်ဆိုရင် အစိုးရလုပ်ငန်း အတော်များများ ရပ်ဆိုင်းသွားမှာပါ။ အဲဒီလိုမဖြစ်ရအောင်လို့ ရီပါပလစ်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ်အကြား အကြိတ်အနယ် ဆွေးနွေးမှုတွေ လုပ်လာခဲ့တာ အခုအချိန်ထိတော့ သဘောတူညီမှုရသေးဘဲ ဖြစ်နေပါတယ်။ ငြင်းခုန်မှုတွေ အဆုံးသတ်ပြီး သဘောတူညီမှုရနိုင်ဖို့ သမ္မတ အိုဘားမားလည်း နှစ်ဖက်ပါတီက ထိပ်တန်းလွှတ်တော် အမတ်တွေနဲ့တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နေသလို တိုးတက်မှုတချို့ရှိတယ်လို့ သူက ဆိုပါတယ်။

စက်တင်ဘာလမှာကုန်ဆုံးမယ့် ၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်ကို ဒေါ်လာ ၃၈ ဘီလီယံ လျော့ချဖို့ ပါတီ ၂ ရပ်စလုံးက သဘောတူထားခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ ရီပါပလစ်ကန်ပါတီဘက်က ကတိဖျက်ခဲ့တယ် လို့ အထက်လွှတ်တော် အမတ်အများခေါင်းဆောင် ဒီမိုကရက်လွှတ်တော်အမတ် ဟယ်ရီ ရိဒ် (Harry Reid) က ပြောပါတယ်။ အောက်လွှတ်တော် ဥက္ကဌ ရီပါပလစ်ကန်အမတ် ဂျွန်ဘေနာ (John Boehner) ကတော့ ရီပါပလစ်ကန်တွေက အစိုးရယန္တရားကို ပိတ်လိုက်ရတာမျိုး မဖြစ်စေချင်တဲ့ တချိန်တည်းမှာ အစိုးရရဲ့ အသုံးစရိတ်ကိုလည်း သိသိသာသာ လျော့ချစေလိုတဲ့ဆန္ဒရှိတယ်လို့ ဆိုပါတယ်။