ကန်လက်ထောက်ဝန်ကြီး Anne Richard ဒုက္ခသည်အရေး ရခိုင်သွားမည်

(Photo: US Embassy In Rangoon)

မြန်မာနိုင်ငံရောက်နေတဲ့ နောက်ထပ် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး ကိစ္စတွေ ဆွေးနွေးဖို့ ရှေ့အပတ် အင်္ဂါနေ့အထိ ဆက်နေမှာ ဖြစ်ပါတယ်။

လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Anne Richard အနေနဲ့ နေပြည်တော်မှာ မနေ့ကစတဲ့ ဒုတိယအကြိမ် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေးပွဲကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski နဲ့အတူ တက်ရောက်နေပါတယ်။

ဒီနေ့မှာပြီးမယ့် လူ့အခွင့်အရေး ဆွေးနွေးပွဲအပြီးမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ မနက်ဖြန် ဇန်နဝါရီ ၁၆ ကနေ - ၁၉ အထိ ရခိုင်ပြည်နယ်ကိုသွားပြီး ပြည်နယ်အစိုးရ အရာရှိတွေ၊ ရိုဟင်ဂျာမူဆလင်ကိုယ်စားလှယ်တွေ၊ ရခိုင်ဒေသခံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ တွေ့ဖို့ရှိပါတယ်။

အခုလို တွေ့ဆုံရာမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ ရခိုင်ပြည်ထဲမှာဖြစ်နေတဲ့ နိုင်ငံရေးနဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်အပြီးမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Richard အနေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုလည်း ဇန်နဝါရီ ၂၀ ကနေ ၂၃ အထိ သွားရောက်ကာ မြန်မာနယ်စပ်မြို့ Cox’s Bazar မှာ ဒေသခံအရာရှိတွေ၊ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒုက္ခသည်ကူညီရေးအဖွဲ့တွေနဲ့ တွေဆုံဖို့ ရှိနေပါတယ်။