စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း - မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်စေဖို့ စီးပွားရေးဖွံ့ဖြိုးမှုအတွက်မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အိုဘားမား အစိုးရက လျှော့ချပေးဖို့ စဉ်းစားနေတယ်လို့ အိမ်ဖြူတော် ထိပ်တန်းအရာရှိတဦးက အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒီအပေါ် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေး အကဲခတ်တွေက ဘယ်လို သုံးသပ်ခဲ့ကြသလဲ - ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ အစိုးရတာဝန်ကို တရားဝင် လွှဲပြောင်းရယူပြီးချိန်ကစလို့ - မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် တရားဝင်လာရောက်မယ့် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၄ ရက်နေ့ကျရင် အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း - မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရင် စစ်အစိုးရလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားနေ တယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး လက်ထောက်အကြံပေး Ben Rhodes က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ လူထုက ရွေးချယ် တင်မြှောက်တဲ့ အစိုးရတက်လာပြီးနောက် - မြန်မာနိုင်ငံ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အမေရိကန်က ဝိုင်းဝန်းကူညီပံ့ပိုးပေးနေချိန် - အခုလို ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ စဉ်းစားတာဟာ - နှစ်နိုင်ငံ ကုန်သွယ်ရေးအပြင် စီးပွားဖွံ့ဖြိုးတိုးတက်စေရေးမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ် စဉ်းစားတာဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေး လက်ထောက်အကြံပေးလည်းဖြစ်၊ သမ္မတ အိုဘားမားရဲ့ လက်ထောက်လည်းဖြစ်တဲ့ Ben Rhodes က ပြောဆိုခဲ့တာပါ။
“မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျနော်တို့အနေနဲ့ အကောင်းဆုံး အကူအညီပေးနိုင်တာက မြန်မာနဲ့ အမေရိကန်အပြင် တခြား ကမ္ဘာတဝှမ်းရှိ နိုင်ငံတွေအကြား ကုန်သွယ်ရေး လမ်းဖွင့်ပေးဖို့ပါပဲ။ ဒီလို လုပ်ဆောင်နိုင်ဖို့ရာ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရးကို အားဖြည့်ပေးနိုင်မယ့် ပတ်ဝန်းကျင် ဖန်တီပေးရာမှာ ကူညီဖို့ပါပဲ။ အဲဒီလို လုပ်ဆောင်ရာမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျှော့ချပေးဖို့အပြင် စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့ ခြေလှမ်းတွေ ယူခဲ့ပြီးဖြစ်ပါတယ်။ ဒါကို ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံ အားပေးဖို့ပဲ ဖြစ်ပါတယ်။ တချို့ အမေရိကန်က ချမှတ်ခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် နှိပ်ကွပ်ခံရတဲ့ ဆက်ဆံမှု တွေကြောင့် ဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံတွင်းမှာ ပြဿနာတွေ ဆက်လက် ရှိနေသေးတယ်ဆိုတာကို နားလည် သဘောပေါက်ပေမဲ့ ဒီမိုကရေစီ အကျိုးရလဒ်တွေကို လူထုက ခံစားနိုင်ဖို့ ကျနော်တို့ လိုလားပါတယ်။”
မြန်မာနိုင်ငံမှာ ၈ လေးအရေးအခင်းနောက်ပိုင်း၊ မေ ၃၀ ဒီပဲယင်းအရေးအခင်းနောက်ပိုင်းနဲ့ ရွှေဝါရောင်သံဃာ့အရေးအခင်းနောက်ပိုင်းတွေမှာ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။
အခုလို အမေရိကန်က မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လျှော့ချပေးဖို့ စဉ်းစားနေချိန်မှာပဲ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ခိုင်ခိုင်မာမာ မရှိသေးဘဲ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ မသင့်ဖူးလို့ ယူဆနေကြတာပါ။ ဒဏ်ခတ်မှုတွေ အလျင်စလို ပြန်မရုပ်သိမ်းဖို့ အင်္ဂါနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပြီး အမေရိကန် အစိုးရကို တိုက်တွန်းခဲ့တဲ့ Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams ကတော့ အထူးသဖြင့် မြန်မာ့နိုင်ငံရေးမှာ ဆက်လက် သြဇာလွှမ်းမိုးနေတဲ့ စစ်တပ်ကို ဖိအားပေးနိုင်ဖို့ ဒဏ်ခတ်မှုတွေ ဆက်ရှိသင့်တယ်လို့ ပြောပါတယ်။
“ဒဏ်ခတ်မှု အများစုကို ပြန်ရုပ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ ကျနော်တို့က ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒဏ်ခတ်မှု တွေ မရုပ်သင့်သေးဘူးလို့ ပြောခဲ့တာ သိပ်မကြာသေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီး John Kerry ကလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် မပြီးမချင်း ဆက်ထားသင့်တယ်လို့ ပြောဖူးပါတယ်။ ထိလွယ်ရှလွယ် အခြေအနေမျိုး၊ ဒါမှမဟုတ် စတောင်မစရသေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ တပုံကြီး ကျန်သေးတဲ့အတွက် စောလွန်းသေးတယ်လို့ ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လမ်းအတိုင်း ဆက်လျှောက်ပြီး အတားအဆီးတွေ မလုပ်တော့တဲ့အထိ ဒဏ်ခတ်မှုတွေကို စစ်တပ်နဲ့ စစ်တပ်ထဲက ချမ်းသာနေကြတဲ့ လက်ဝေခံလူတန်းစားကို ပစ်မှတ်ထား သင့်ပါတယ်။ အရပ်သားအစိုးရက အပြည့်အ၀ အုပ်ချုပ်ခွင့်ရတာမျိုး၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေကို စစ်တပ်ကသာ ခန့်အပ်တာမျိုးတွေ မလုပ်ဖို့ ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုအောက်မှာသာ ရှိသင့်ပြီး၊ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သီးသန့်နေရာပေးထားတာကိုလည်း ပယ်ဖျက်ရမှာပါ။”
ဒါပေမဲ့လည်း ဝါရှင်တန်အခြေစိုက် Georgetown တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ကတော့ သမ္မတ အိုဘားမား အစိုးရရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေထဲမှာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ မူဝါဒဟာ အောင်မြင်မှုတခု ဖြစ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း ဆက်လက်ပြီး ဆက်ဆံရေးတွေ တိုးမြှင့်သွားနိုင်ဖို့ ဒဏ်ခတ်မှု အများစုကို ပြန်ရုပ်သိမ်းသင့်တယ်လို့လည်း ပြောဆိုခဲ့ တာပါ။
“ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရှိနေတာဟာလည်း အခြေခံအားဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည် က ခိုင်ခိုင်မာမာ သြဇာညောင်းခဲ့ပါတယ်။ မကြာသေးခင်ကမှသာ အပြောင်းအလဲ တွေ ဖြစ်လာတာပါ။ လူ့အခွင့်ရေး အုပ်စုတွေကတော့ ဒဏ်ခတ်ဖို့ကို အမြဲတမ်း လိုလားကြပါတယ်။ ဒါပေမဲ့လည်း ဒဏ်ခတ်မှုတွေနဲ့ ဒီမိုကရေစီကို ဘယ်တော့မှ မရနိုင်ပါဘူး။ ကျနော်ကတော့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းသင့်တယ်လို့ ယူဆပါတယ်။ လက်နက် ရောင်းချတာမျိုးလောက်ကိုပဲ ချန်ချင်ရင် ချန်ထားသင့်ပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအဆုံးသတ်ပြီး၊ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရတက်လာပြီး နောက်မှာပဲ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံလာတဲ့ အမေရိကန်ကတော့ ၂၀၁၂ ဇူလိုင်ကစလို့ ၂၀၁၆ မေလအထိ မြန်မာ့ငွေကြေးဆိုင်ရာ ဘဏ်လုပ်ငန်းတွေ၊ သွင်းကုန်တွေနဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှှုံတွေအပေါ် ကန့်သတ်ထားမှု တော်တော်များများကို ဖြေလျှော့ပေးခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အဟန့်အတားလုပ်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်သူတွေအဖြစ် မြန်မာစစ်ဘက်ဆိုင်ရာတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ SDN ခေါ် လူပုဂ္ဂိုလ် အဖွဲ့အစည်းတချို့ကိုတော့ အမေရိကန် ဘဏ္ဍာရေးဌာနက ဆက်လက်ပြီး ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်ထားဆဲ ဖြစ်ပါတယ်ရှင်။
Your browser doesn’t support HTML5