အမေရိကန်ရောက် မြန်မာနိုင်ငံသားများ ကြိုတင် မဲလျှောက်ထားခွင့်ရက်တိုး

အမေရိကန်ပြည်ထောင်စုမှာ တရားဝင်နေထိုင်ပြီး မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ လျှောက်ထားနိုင်ခွင့်ရှိတဲ့ ရက်ကို စက်တင်ဘာ ၁၇ ရက်နေ့ထိ တိုးမြှင့် သတ်မှတ်ပေးလိုက်ကြောင်း ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာသံရုံးတွေမှာ မဲပေးခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ သူတို့ပေးလိုက်တဲ့ ကြိုတင်မဲနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးချင်တယ်ဆိုရင် ဝါရှင်တန်ဒီစီက မြန်မာသံရုံး ဒါမှမဟုတ် နယူးယောက်မှာရှိတဲ့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံရုံးခွဲနဲ့ Los Angeles မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေကို ကြိုတင်မဲပေးခွင့် တောင်းခံလွှာ ပုံစံ (၁၅) ဖြည့်ပြီး စာတိုက် Fax နဲ့ Email တွေကတဆင့် လျှောက်ထားကြရမှာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ ပုံစံ (၁၅) တင်ရမယ့် နောက်ဆုံးရက်ကို ဇူလိုင်လ (၃၁) ရက် နောက်ဆုံးထား ပေးပို့ကြပါလို့ မြန်မာသံရုံး Website မှာ ကြေညာခဲ့ပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံအကြောင်းကြားလာတာကြောင့် အခုတော့ ပုံစံ (၁၅) တင်ရမယ့် နောက်ဆုံး ရက်အဖြစ် စက်တာဘာ (၁၇) ရက်နေ့ထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ဝါရှင်တန်ဒီစီ မြန်မာသံရုံး သံမှူးကြီး ဦးမင်းသိန်းက ရှင်းပြပါတယ်။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ကျနော်တို့ဆီကို ညွှန်ကြားချက် ထပ်ရောက်လာပါတယ်။ လျှောက်လွှာတွေကို ထပ်ပြီးတော့ တိုးနိုင်တယ်ဆိုပြီးတော့ ပြောတဲ့အတွက်ကြောင့်မို့ ၁၉ ရက် ၉ လပိုင်းမှာ အရောက်ပို့ပေးဖို့ ပြောလာပါတယ်။ အဲဒါကြောင့် ကျနော်တို့ ၁၇ ရက် ၉ လပိုင်းကို နောက်ဆုံးထား ပို့ပေးဖို့ဆိုပြီးတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဆက်ပြီးတော့ အကြောင်းကြားထားပါတယ်။ ပုံစံ (၁၅) ဆိုတာ ကြိုတင်ဆန္ဒမဲတောင်းခံသည့်ပုံစံ (၁၅) ပါခင်ဗျာ။”

ဒီလိုရက်တိုး သတ်မှတ်လိုက်တာကြောင့် ကြိုတင်မဲပေးခွင့်ပုံစံ (၁၅) တင်တဲ့ လူဦးရေအနည်းငယ် တိုးလာတယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။ ကြိုတင်မဲတွေကို အောက်တိုဘာလ (၁၇ နဲ့ ၁၈) စနေ၊ တနင်္ဂနွေနေ့တွေမှာ လူကိုယ်တိုင် လာထည့်ရမယ်လို့ သံမှူးကြီး ဦးမင်းသိန်းက ပြောပါတယ်။

“ဝါရှင်တန်မြို့က မြန်မာသံရုံးရယ်၊ နယူးယောက်မြို့က မြန်မာအဖွဲ့ရုံးရယ်၊ Los Angeles မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးရယ် ၃ နေရာ၊ အဲဒီ ၃ နေရာမှာ ကြိုတင်မဲပေးဖို့ပါ ခင်ဗျာ။ ကျနော်တို့ မြန်မာသံရုံး ဝါရှင်တန်မြို့ကတော့ ၁၇ ရက်နေ့ ၁၀ လပိုင်းနဲ့ ၁၈ ရက် ၁၀ လပိုင်းမှာ ကျနော်တို့ စနေ၊ တနင်္ဂနွေပေါ့နော် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေးပါမယ်။ LA မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကလည်း ဒီအတိုင်းပဲ ဖွင့်ဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ အမေရိကန်နိုင်ငံမှာရှိတဲ့ မဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံသားတွေအားလုံး ကြိုတင်ဆန္ဒမဲပေါ့နော် လျှောက်လွှာပုံစံ (၁၅) တွေကို အမြန်ဆုံး ပို့ပေးဖို့ကို ဆက်ပြီးတော့ အကြောင်းကြားထားပါတယ်။”

နယူးယောက်မြို့မှာနေထိုင်တဲ့ ဦးကျော်စိုးကတော့ သူတို့မဲပေးဖို့ လျှောက်ထားတဲ့ အခြေအနေနဲ့ စိုးရိမ်မှုတွေကို ပြောပြပါတယ်။

“ကျနော်နဲ့ ကျနော့်မိန်းမရယ် ကျနော့်ကလေး ၂ ယောက် အပါအဝင်ပေါ့နော် လေးယောက်လုံး ပုံစံ (၁၅) ပေါ့ ဖြည့်ပြီးတော့ နယူးယောက်က မြန်မာသံရုံးကို တင်ထားပြီးပါပြီ။ ဒါပေမဲ့ သံရုံးအနေနဲ့ ကျနော်တို့ ဘယ်နေ့ မဲလာထည့်ပါလို့ အီးမေးလ်နဲ့ တယ်လီဖုန်းနဲ့ ပြန်ဆက်သွယ်တာတော့ မရှိသေးဘူးခင်ဗျ။ ကျနော်တို့ စိုးရိမ်တာကတော့ ကိုယ်ပေးတဲ့မဲက ကိုယ်မဲထည့်တဲ့ပါတီပဲ ကိုယ်မဲထည့်ခဲ့တဲ့ ခေါင်းဆောင်ကိုပဲ အနိုင်ရစေချင်တာလေ။ ကိုယ်မဲထည့်တာက တပါတီ။ မဲနိုင်သွားတာက တပါတီ အဲ့လိုမျိုး မဖြစ်သင့်ဘူးလို့ ထင်တယ်လေ။”

Los Angeles မြို့မှာနေထိုင်တဲ့ အဆိုတော် နီနီဝင်းရွှေကလည်း မဲပေးဖို့အတွက် ပြင်ဆင်နေဆဲဖြစ်ပြီး သူ့ရဲ့စိုးရိမ်မှုကို ပြောပါတယ်။

“မဲကတော့ ထည့်ဖို့ စီစဉ်ထားတယ်။ ဒီမှာလည်း ကောင်စစ်ဝန်ရုံးတော့ရှိပါပြီ။ LA မှာတော့ ကိုယ့်ဟာကိုယ် လုပ်ရမှာဆိုတော့ ဘယ်လိုသွားရမှန်း မသိလို့လေ။ ထည့်ဖြစ်အောင်တော့ ထည့်ပါမယ်လေ မဲက။ ဒီအထဲမှာပဲ လုပ်ရမှာပဲ။ ကိုယ်က မဲထည့်လိုက်ပါပြီတဲ့။ ကိုယ်ထည့်တဲ့မဲက တကယ်ကိုရော ရောက်သွားပါ့မလား။ စိုးရိမ်တာကလေ။ နောက်ပြီးတော့ ကိုယ့်မဲကြီးကို ဖောက်ပြီးတော့ သူကတော့ ဘာထည့်ထားတာပေါ့ အဲ့လိုမျိုးတွေ ဘာတွေဖြစ်မှာ ကြောက်တာပေါ့နော်။”

အခုချိန်ထိတော့ ဝါရှင်တန်ဒီစီက မြန်မာသံရုံးမှာ ကြိုတင်မဲပေးခွင့် ပုံစံ (၁၅) တင်ထားသူ ၁၃၅-ဦးရှိပြီး၊ နယူးယောက်သံရုံးအခွဲမှာ ပုံစံ (၁၅) တင်ထားသူ ၂၁၃-ဦး နဲ့ Los Angeles မြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ မဲပေးခွင့်လျှောက်ထားသူ ၇၅-ဦး ရှိပါတယ်။ ဒါကြောင့် အမေရိကန်တနိုင်ငံလုံးမှာ ၂၀၁၅ ရွေးကောက်ပွဲကို မဲပေးဖို့ လျှောက်ထားသူ မြန်မာနိုင်ငံသား ၄၂၃ ဦးသာရှိနေတာပါခင်ဗျာ။